အချပ်ပို (၄)

3.7K 508 21
                                    

{Unicode}

အပိုင်းတစ် - မိုးမသောက် မှောင်မိုက်အရိပ် မပြေးမီ (၄)

စာသင်နှစ်တစ်နှစ်သည် မကြာခင် ကုန်ဆုံးပေတော့မည်။ ကျောင်းနှင့် အချိန်ပိုင်းအလုပ်အကြား မနေမနားကူးခတ်ရင်း အချိန်ကုန်သွားရသော်ငြား ထိုအချိန်တွေသည် အခြားတစ်စုံတစ်ဦးကြောင့်နှင့် နွေးထွေးကာ အဓိပ္ပာယ်ရှိလာရသည်။

သွမ့်မင်ယန်သည် သူတို့နှစ်ဦးကြားအရှိ ဆက်ဆံရေးကို ဤမျှအထိ တည်တံ့နေလိမ့်မည်ဟူ၍ မထင်ထားခဲ့။ အတူရှိနေသည့်အချိန်က ရှည်ကြာလာသည့်အခါ အနှီသခင်ငယ်လေးအား အစောပိုင်းကာလများ၌ သူ မည်မျှသတိကြီးကြီးထားခဲ့ရသည်ကိုပင် မေ့လုမတတ် ဖြစ်လာသည်။

သူသည် အသေအချာကိုပင် ကြေးနီနှင့် သံမဏိကဲ့သို့သော ခိုင်မာသည့်တံတိုင်းအထပ်ထပ်ဖြင့် စိတ်ပိုင်းဆိုင်ရာ ခုခံကာကွယ်မှုခံတပ်များ တည်ဆောက်ထားခဲ့သည့်တိုင် လီလော့သည် နည်းလမ်းအမျိုးမျိုးဖြင့်  တစ်ခုပြီးတစ်ခု ဖြိုချပစ်ပြီး သူ့ကို လုံးဝ ရှုံးနိမ့်သွားစေသည်။

တဖြည်းဖြည်းနှင့် နှစ်ဦးသားအကြားရှိ အကွာအဝေးသည် ပိုမိုနီးကပ်လို့လာကာ လီလော့ သူ့အပေါ် ထားရှိသည့် သဘောထားကလည်း ပို၍ပို၍ လေးနက်လာပုံရသည်။ အနေအထားအတော်များများအရ သူတို့၏ ပုံစံမှာ အချစ်၏ အပြင်းပြဆုံးသော အဆင့်သို့ ရောက်ရှိနေသည့် ချစ်သူတွေနှင့်ပင် မကွာခြားတော့။

သူတို့တွေ နေ့ခင်းဘက် ကျောင်းတွင် သွားဆုံကြပြီဆိုလျှင်လည်း လီလော့၏ မျက်လုံးတွေသည် ချက်ချင်းပင် တောက်ပလာပြီး သူ့အနားတွင် ရှိနေသူတွေကို ပစ်ထားခဲ့ကာ ခြေလှမ်း နှစ်လှမ်းသုံးလှမ်းမျှဖြင့် အပြေးရောက်လာလိမ့်မည်။ ထို့နောက် ပြုံးလျက်ဖြင့် "မင်ယန်၊ ဂွတ်မောနင်း" ဟူ၍ နှုတ်ခွန်းဆက်လိမ့်မည်။

သူ့ ဘေးနားတွင်ရှိနေသည့် အပေါင်းအဖော်များသည် ချမ်းသာကြွယ်ဝကာ အဆင့်အတန်း မြင့်မားကြသူများဖြစ်ပြီး သူသည် ဂေးဘားတစ်ခုတွင် အလုပ်လုပ်သည့် စားပွဲထိုးမှန်းလည်း သိထားခဲ့ကြသည်။ ထိုသူတွေသည် သူ့ကို တွေ့လိုက်ရသည်နှင့် မထီမဲ့မြင်အကြည့်တွေဖြင့် ကြည့်လေ့ရှိကြ၏။ ခပ်ရှင်းရှင်း ပြောရလျှင် သူတို့တွေသည် သူ့အား မနှစ်မြို့ကြပါချေ။

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now