(၁၈)

6.2K 899 62
                                    


{Unicode}

အခန်း(၁၈)

လီလော့သည် တိတ်ဆိတ်ကာ သီးသန့်ဆန်ပြီး သူ့အကြိုက်နှင့် ကွက်တိကျသည့်အပြင် မကြာခဏလည်း သွားဖူးလေ့ရှိသည့် စားသောက်ဆိုင်ကို ရွေးချယ်လိုက်၏။ အနုစိတ်လှပစွာထွင်းထုထားသည့် သစ်သားတံခါးချပ်ပိတ်သွားသည်နှင့်အတူ အခန်းထဲတွင် နောက်ခံတီးလုံးသံ ခပ်တိုးတိုးသာ ပျံ့လွင့်ကျန်ခဲ့သည်။ အခန်းပြင်ပဆီမှ စကားသံတစ်သံကိုတောင် မကြားရ၊ ဤသည်က သူတို့ အခန်းထဲတွင် ပြောနေသမျှ အပြင်ဘက်မှလည်း မကြားနိုင်ဘူးဆိုသည်ကို ညွှန်ပြနေသည်။

ဖိနပ်ကို ချွတ်လိုက်ပြီး အမွှေးပကော်ဇော်တွေအပေါ် ဖြတ်လျှောက်သွားကာ အသင့်ပြင်ထားသည့် ဆိုဖာအသေးလေးပေါ် ထိုင်ချလိုက်သည်။ လင်းချန်ကလည်း သူ့အနောက်မှနေ၍ လိုက်လာသည်။

လီလော့သည် မီနူးကို ကမ်းပေးလိုက်ကာ

"ဘာမှာမလဲ ?"

"ကြည့်လိုက်ဦးမယ်"

လင်းချန်၏ အမူအရာသည် တွန့်ဆုတ်နေခြင်း မရှိ၊ သက်တောင့်သက်သာကျလို့နေသည်။ မီနူးကို ဖတ်ပြီး ဟင်းအမည်နှင့် အချိုပွဲတွေကို မြန်ဆန်စွာပင် ရွေးချယ်လိုက်သည်။ မှာယူသည့် ဟင်းအမည်တွေထဲ တော်ရုံလူ မှာမစားလောက်သည့် ဟင်းပွဲတွေပါနေသော်လည်း မေးခွန်းတွေ အများကြီး မေးမနေ။ ကြည့်ရသည်မှာ ဤသို့ဈေးကြီးသည့် နေရာမျိုးကို မကြာခဏလာဖူး၍ ရင်းနှီးကျွမ်းဝင်နေသည့်အတိုင်းပင်။

လင်းချန်၏ အခက်အခဲမရှိ မှာကြားနေသည့် ပုံစံကို ကြည့်နေရင်း လီလော့သည် သတိမထားမိပါဘဲ မျက်မှောင်ကျုံ့လိုက်မိသည်။

လော်ဖန် သင်တန်းသားအသစ်တွေ ရွေးချယ်စဥ် လင်းချန်၏ ကိုယ်ရေးဖိုင်ကို ကြည့်သည့်အချိန် သူ ဘေးနားကနေ ကူညီပေးခဲ့ဖူးသည်။ မိသားစုနောက်ခံ အချက်အလက်အရဆိုပါလျင် လင်းချန်၏ မိဘတွေသည် သာမန်ဝင်ငွေရှိသည့် အနေအထားထဲကဖြစ်ကာ အရမ်းကြီး လစာမြင့်သည့်အထဲ မပါ။ သို့ဆိုပါလျင် ဤစျေးမြင့်သည့် စားသောက်ဆိုင်လိုနေရာမျိုးကို မကြာခဏ လာဖူးနေဖို့ မဖြစ်နိုင်။

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now