CHAPTER (3-1)

472 65 0
                                    

ရှန်မင်ယင်၏ သတိပေးမှုကြောင့်သာ ရွမ်ယွီသည် ဘလိုင်းဒိတ်အား အဆုံးသတ်လျက် အိမ်သို့တိုက်ရိုက် ပြန်လာတာဖြစ်သည်။

ကားလမ်းပိတ်နေသောကြောင့် တခြားဝတ္ထုတစ်ခုဖြစ်သော <မျက်လုံးဖက်မှ အပြုံးများ>ကို ရွမ်ယွီ ဖွင့်ကြည့်လိုက်သည်။ အစမှအဆုံးတိုင် ဖတ်ခြင်းမဟုတ်ဘဲ တစ်ချို့ဇာတ်၀င်ခန်းများကို ဖတ်ကြည့်လိုက်သောအခါ တူညီနေသည့် ဇာတ်ကွက်အများအပြားကို တွေ့လိုက်ရသည်။

ဥပမာဆိုရလျှင် နှစ်သစ်ကူးနေ့က မီးရှူးမီးပန်းဖောက်ခြင်းအခန်းပင်ဖြစ်သည်။ ဇာတ်လမ်း‌နေရာ၊ စကားပြောပုံများနှင့် မင်းသား၏စိတ်ထဲမှ အတွေးတို့ပါ သူမရေးခဲ့သည်နှင့် တထပ်တည်းကျနေလေသည်။

ပို၍အံ့ဩဖွယ်ကောင်းသည်မှာ ထိုဝတ္ထုထဲ၌ ဇာတ်လိုက်မင်းသမီးဖြစ်သူ ပိတ်ရက်တွင် ကျောင်းမှပြန်သောအခါ နို့ဆီဗူးဖြင့် စိုက်ထားသော ပန်းအိုးလေးတစ်လုံးကို ကိုင်ထားသည့်အကြောင်းကို ဖော်ပြထားခြင်းဖြစ်ပေသည်။

ထိုအချင်းအရာက စုမြို့တော်ရှိ အမှတ် (၁)အထက်တန်းကျောင်း၏ လူသိများသော ပန်းစိုက်နည်းဖြစ်လေသည်။ ကျောင်းသားများသည် သံဘူးတစ်ခုထဲတွင် အပင်တစ်ပင်ကျ စိုက်ကြရသည်။ အပင်မှာ ဂန္ဓာမာပန်း၊ ဖရဲသီးပင် စသည်ဖြင့် မျိုးစုံဖြစ်နိုင်လေသည်။ သို့သော်လည်း ထိုအချိန်က ရွမ်ယွီသည် အခြားသူများနှင့်မတူဘဲ နေကြာပန်းနှင့် လာဗန်ဒါပန်းတို့အား ရော၍စိုက်ထားခဲ့တာဖြစ်သည်။

ဒိုင်ယာရီထဲ၌ရေးထားခဲ့သည်ကို ဖတ်လိုက်မိသဖြင့် ထိုအချိန်က အငွေ့အသက်များကို စာဖတ်သူတို့ကိုပါ ခံစားမိစေလို၍ ဝတ္ထုထဲ၌ ထည့်သွင်းရေးခဲ့ခြင်း ဖြစ်သည်။

အခြားဝတ္ထုတွင်လည်း ထိုကဲ့သို့ပင် နေကြာပန်းနှင့် လာဗန်ဒါပန်းအကြောင်း ထည့်ရေးထားလိမ့်မည်ဟု ရွမ်ယွီ မမျှော်လင့်ထားခဲ့ ။

တူညီသောအချက်များစွာ ရှိသေးလေသည်။ တစ်ဖက်ဝတ္ထုသည် ဝတ္ထုတိုဖြစ်သည့်အလျောက် သူမဝတ္ထုထက် ဇာတ်လမ်းပိုသွက်လေသည်။ အခန်းတစ်ခန်းချင်းစီမှာလည်း သူမထက်စောကာ ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ ထိုဝတ္ထုအား သတိမပြုမိခဲ့ခြင်းမှာ စာရေးဆရာသည် လူသိမများသေးသော တက်သစ်စတစ်ယောက်ဖြစ်သောကြောင့်ပင် ။

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now