CHAPTER (18-1)

171 27 0
                                    

CHAPTER (18-1)

နောက်တစ်နေ့ နံနက်စောစောတွင် တံခါးဘဲလ်မြည်သံကြောင့် ရွမ်ယွီမှာ နိုးလာရသည်။

ညဝတ်အင်္ကျီပေါ်မှ ဂျာကင်တစ်ထည် ကောက်ဝတ်လိုက်ကာ သမ်းဝေရင်း ရွမ်ယွီ တံခါးဆီသို့ လျှောက်သွားလိုက်သည်။ ချောင်းကြည့်ပေါက်မှတစ်ဆင့် မြင်လိုက်ရသူကြောင့် အံ့အားသင့်သွားကာ ရွမ်ယွီ မျက်လုံးပြူးသွားမိသည်။

ပြီးခဲ့သောတစ်ခေါက်က လာခဲ့သော ရဲသား ဖန်ကျန့်ဖြစ်နေလေ၏ ။

ထိုသူသည် တည်တည်ငြိမ်ငြိမ်ဖြင့် သတိအပြည့်ဖြင့် ရှိလို့နေသည်။ သူမအား မှတ်မိသော်လည်း ဝတ္တရားအရ ထပ်မံမေးမြန်းလာလေသည်။ " မစ္စရွမ်ပါလားခင်ဗျာ "

ရွမ်ယွီ ခေါင်းညိတ်ပြလိုက်သည်။ " ဟုတ်ပါတယ် ၊ ဘာကိစ္စရှိလို့ပါလဲ အရာရှိဖန် "

ဖန်ကျန့်က စကားပြန်ပြောရင်း စာရွက်အချို့နှင့်  မှတ်စုစာအုပ် ထုတ်လိုက်လေသည်။ " မေးစရာလေးရှိလို့ပါ ၊ ဒီနေ့မနက် ၂ နာရီနဲ့ ၃ နာရီကြားတုန်းက အမူးသမားတစ်ယောက်များ လာနှောင့်ယှက်သေးလား "

အမူးသမား ? နှောင့်ယှက်တယ် ?

ရွမ်ယွီ ခေါင်းခါပြလိုက်သည်။ " မရှိပါဘူး "

" ပုံမှန်မဟုတ်တဲ့အသံတွေရော ကြားမိသေးလား ဗျ "

" မကြားပါဘူး " ထိုအချိန်က သူမ weibo ကြည့်နေခဲ့တာဖြစ်သည်။

" ပူးပေါင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် " ဖန်ကျန့်က ခေါင်းညိတ်ပြပြီးနောက် ပြန်ရန်ပြင်နေလေသည် ။ မပြန်ခင်တွင်လည်း ထပ်ဖြည့်၍ ပြောသွားသေး၏ ။ " ညဘက်ကို တံခါးနဲ့ ပြတင်းပေါက်တွေကို သေချာ‌ပိတ်ထားပါ ၊ သူခိုးအန္တရာယ်လည်း သတိပြုပါဦး "

" ဒီနားမှာ တစ်ခုခုများ ဖြစ်ထားလို့လားဟင် "

" တချို့ပြောစကားအရတော့ ဒီမနက်တုန်းက အခန်းတော်တော်များများကို အမူးသမားတစ်ယောက်က လိုက်နှောင့်ယှက်လို့တဲ့ ၊ ပြီးတော့ နှောင့်ယှက်ခံရတဲ့အခန်းတွေ အကုန်လုံးမှာ တူညီတဲ့အချက်ရှိတယ် "

ရွမ်ယွီက မျက်တောင်ခတ်လိုက်သည်။ " ဘယ်လိုတူတာလဲရှင့် "

ဖန်ကျန့်က လက်ထဲရှိ ဘောလ်ပင်ဖြင့် သူမခေါင်းအပေါ်ဘက်သို့ ညွှန်ပြလာသည်။ " အခန်းအားလုံးရဲ့ နံပါတ်က ၃၀၂ တွေပဲ "

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now