CHAPTER (6-1)

499 71 1
                                    

အမှုမဖွင့်တော့ဘူးဟု ရွမ်ယွီပြောလိုက်စဉ်တွင် ရွှီဟွိုက်စုန့်ကို မကြည့်ဘဲ လျိုမောက်ကိုသာ ကယ်တင်ရှင်သဖွယ်ကြည့်နေတာ ဖြစ်ပေသည်။ ခွင့်ပြုချက်ရလျှင်ရချင်း အမြန်ထွက်သွားမည်ဟုလည်း စိတ်ကူးထားပေသည်။

ရွမ်ယွီနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေသော ရွှီဟွိုက်စုန့်သည် ဂရုမပြုသလိုနေနေလေသည်။ ရွမ်ယွီ့စကားကိုကြားသောအခါ ခေါင်းငုံ့လျက် ဖုန်းတွင်စာရိုက်ကာ စာပို့နေလေသည်။

"မင်းတို့နှစ်ယောက်ပြောကြပါ၊ ငါ့ကိုအရေးစိုက်မနေနဲ့" ဟု ပို့ခြင်းဖြစ်မည်ဟု ရွမ်ယွီက ယူဆလေသည်။

လျိုမောက်မှာ မိမိအပေါ်ပုံကျလာသော တာဝန်ကိုခံစားမိလိုက်သည်။ ဤအခန်းထဲတွင်ဖြစ်ပျက်ခဲ့သည်များကိုနားမလည်သော်လည်း ယခုအခါ ရွမ်ယွီက သူ့အားဆုံးဖြတ်ချက်ချစေနေလေသည်။ လျိုမောက်လည်း စိတ်ရှုပ်သွားလျက် မေးလိုက်သည်။ " မစ္စစ်ရွမ်၊ သေသေချာချာပြန်စဉ်းစားပါဦးလား"

ရွမ်ယွီပြန်မဖြေခင်တွင် လျိုမောက်ထံမှ ဖုန်းမြည်လာလေသည်။ "အို, မိုးရေထဲကအချစ်ဇာတ်လမ်း, မင်းမျက်ဝန်းဟာ ငါ့ကမ္ဘာပဲလေ....."

"....."

လျိုမောက်လည်း ချောင်းဟန့်ကာပြောလိုက်သည်။ "ဆောရီးနော်၊ ဖုန်းပြောစရာလေးရှိလို့" ပြောပြီးလျှင်ချက်ချင်းပင် အခန်းတွင်းမှ ထွက်သွားလေသည်။

လျိုမောက်မှာ အခန်းထဲမှထွက်ကာ တံခါးအားပြန်ပိတ်လိုက်ပေသည်။ ရွမ်ယွီမှာလည်း ပို၍နေရထိုင်ရခက်လာလေသည်။ ဆိုဖာရှေ့၌မတ်တပ်ရပ်နေကာ ဟန်လုပ်ရယ်လျက်ပြောလိုက်သည်။ " မစ္စတာလျိုက အရွေးတော်သားပဲ "

ရွှီဟွိုက်စုန့်သည် တစ်ခဏ တိတ်ဆိတ်နေပြီးမှ မော့ကြည့်လာကာ " အင်း "ဟု ဆိုသည်။

အချိန်သည် ပိုနှေးနေသလို ခံစားနေရသည်။ စက္ကန့်တိုင်း စက္ကန်းတိုင်းသည် သူမအတွက် အလွန်ခက်ခဲလှပေသည်။ စကားဆက်ရန် ဟိုတစ်စ၊သည်တစ်စ ပြောနေရပေသည်။ " အရင်တစ်ခေါက်တွေ့တုန်းက ဒီသီချင်းမဟုတ်ပါဘူး "

ရွှီဟွိုက်စုန့်က မော့ကြည့်လာပြန်သည်။ ဤတစ်ကြိမ်တွင်မူ မျက်မှန်ကိုပင့်တင်လျက် မေးလာလေသည်။ " အရင်တစ်ခေါက်လား "

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now