Chapter 52
ရွာက သိပ်မဖွံ့ဖြိုးသေးချေ။ ယခုအချိန်မှာတောင် ရွာ၌ ရေချိုးခန်းရှိသောလူဟူ၍ တစ်ဦးမှမရှိသလို ရွာသားများက ရေချိုးရတာကိုလည်း မကြိုက်ကြပေ။ ပို၍ပြောရလျှင် သူတို့တွင် အသိဥာဏ်နှင့်လိုအင်ဆန္ဒဟူ၍မရှိ။ သူတို့ဘဝကို လုံလောက်သည့် အစားအသောက်နှင့် အဝတ်အစားတွေကို ရှာဖွေရင်းသာ ကုန်ဆုံးနေကြ၏။ နေ့စဉ်နေ့တိုင်း ရေချိုးရန်မှာ သူတို့အတွက် မလိုအပ်သည့်အရာပင်။
ထို့ကြောင့် သူတို့အိမ်တွင် ရေချိုးခန်းဆောက်ရန်အတွက် ကုန်ကျငွေကို ထည့်မတွက်သလို ထိုအရာအတွက် ငွေကြေးသုံးစွဲရန် ဆန္ဒဟူ၍လည်း မရှိကြချေ။ သူတို့အတွက်တော့ ရေချိုးရန် ပွက်ပွက်ဆူနေတဲ့ရေနွေးအိုးတစ်လုံးနှင့် ရေတစ်ပုံးပြင်ထားရုံမျှဖြင့် အဆင်ပြေနေပြီဖြစ်သည်။
ထို့ကြောင့် ဝမ်မင်ယီက အစ်မကျန်းကို သူရေချိုးလိုကြောင်းပြောသည့်အခါ သူမကပုံမှန်အတိုင်းပင် ဖြေလာသည်။
"ငါမင်းအတွက် ရေနွေးပူလုပ်ပေးမယ်၊ မင်း ခြံထဲမှာချိုးမလား၊ မင်းရဲ့အခန်းထဲမှာပဲဖြစ်ဖြစ် ချိုးချင်လား"
ဝမ်မင်ယီနှင့်စစ်ကျွင်းတောက်နေရသည့်အခန်းမှာ သိပ်မကြီးပေ။ သူတို့သာ သစ်သားစည်ပိုင်းကိုအထဲ၌ ထားလိုက်လျှင် အမြဲလိုလို ကျဉ်းကျပ်သည်ဟု ခံစားရမှာပင်။
"ခြံထဲမှာချိုးရင်ရောဘယ်လိုလဲ"
အစ်မကျန်းကပြောသည်။
"ငါမင်းအတွက် တံခါးပိတ်ထားပေးမယ်၊ မင်းလွတ်လွတ်လပ်လပ်ချိုးပါ"
ဝမ်မင်ယီ: "....."
ဝမ်မင်ယီ ရှက်ရွံ့မှုကို ခံစားလိုက်ရသည်။
"ဘာလို့ အဲဒါနဲ့ပတ်သက်ပြီး တအားရှက်နေရတာလဲ"
အစ်မကျန်းက သူ့အတွေးတွေကိုသိနေသလိုဖြင့် ပြုံးသည်။
"ဘယ်သူမှမင်းကိုမကြည့်ပါဘူး၊ မင်းက ယောက်ျားလေးပဲဟာ၊ ဘာလို့ရှက်နေတာလဲ"
ဝမ်မင်ယီ: "..."
ဒါကတစ်ခုတည်းသောနည်းလမ်းဟူ၍ ဝမ်မင်ယီတွေးလိုက်မိသည်။ ရေပူစမ်းထဲမှာ ရေကူးသလိုပါပဲဟု ဝမ်မင်ယီ သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ သူဒီအတွက်ကို အောင်နိုင်ရမယ်!။
![](https://img.wattpad.com/cover/344644058-288-k226949.jpg)