Chapter 54
တာ့ပေါင်က လက်ရှိအချိန်တွင် ခြံထဲ၌ ခွေးလေးနှင့် ကစားနေသည်။ ဝမ်မင်ယီထွက်လာပြီးနောက် သူက ကလေးကို အာလူးကြော်တစ်ထုပ်ပေးကာ ခွေးလေးကို ကလေးနှင့်အတူ စနောက်နေကြသည်။
"ကျေးဇူးတင်ပါတယ် ကောကော"
တာ့ပေါင်က ပျော်ရွှင်စွာပြောလိုက်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူ့ကို ဝမ်မင်ယီက နေ့တိုင်း မုန့်တွေကျွေးခဲ့ပြီး ယခုတွင်မူ သူသည် ဝမ်မင်ယီ၏ အမာခံပရိသတ်လေးတစ်ဦး ဖြစ်လာပေပြီ။
အစားအသောက်နှင့်ပတ်သက်ပြီး ဝမ်မင်ယီ ဂျီးများတာကိုပင် သူ့အမေကိုမပြောပြခဲ့ချေ။ တစ်ခါတစ်ရံ သူကပင် ဝမ်မင်ယီအတွက် အချို့ဟင်းတွေကို ကူစားလိုက်သေး၏။"ဘာလို့ အခြားကလေးတွေနဲ့ သွားမဆော့တာလဲ"
ဝမ်မင်ယီ သူ့ကိုမေးလိုက်သည်။
"ကလေးတွေက ကျောင်းက ကစားကွင်းမှာ ကစားနေကြတယ်"
"သားက ရှောင်ဟွမ်နဲ့ကစားချင်တယ်"
တာ့ပေါင်က ရှောင်ဟွမ်၏ လက်ဖဝါးလေးကိုဖျစ်ညှစ်ရင်း ဆက်ပြောသည်။
"ကာတွန်းကားက ခဏနေရင်လာတော့မှာ၊ သား အဲ့ဒာကိုကြည့်ချင်သေးတယ်၊ ကြည့်ပြီးရင် သွားကစားမှာပါ"
ဝမ်မင်ယီ ထိုစကားတွေကိုကြားပြီး သူ့ပရိတ်သတ်အသေးလေးရဲ့ခေါင်းကို ပွတ်လိုက်ကာ မြေပေါ်ရှိခွေးလေးကိုလည်းထိလိုက်သည်။
"ဒါဆိုလည်း မင်းခွေးလေးနဲ့အရင်ကစားနေဦး၊ ကောကောအပြင်သွားလိုက်ဦးမယ်"
"အင်း.. ကောကော၊ တာ့တာ"
“တာ့တာ"
ဝမ်မင်ယီပြုံးလိုက်ပြီး ကျောင်းကစားကွင်းကို ပြန်လာခဲ့သည်။
ကလေးတွေက ထိုနေရာမှာ ကစားနေဆဲပင်။ သူလာနေတာကိုတွေ့သည့်အခါ သူတို့အားလုံးက တစ်ယောက်ပြီးတစ်ယောက်"ကောကော"ဟု အော်ခေါ်ရင်းဖြင့် အနားတွင်စုဝေးလာကြသည်။ဝမ်မင်ယီ သူနှင့်အနီးဆုံးက ကလေးမလေးကို ဘီစကစ်တွေပေးလိုက်ပြီး အနီးဆုံးကကောင်လေးကိုတော့ အာလူးကြော်များပေးလိုက်သည်။ ပြီးနောက် သူ့လက်ထဲရှိ ချောကလက်ဘူးကို မြှောက်လိုက်ပြီး အဓိကအချက်ကို သင်ပေးဖို့စတင်လိုက်သည်။