Chapter 65
စစ်ကျွင်းတောက် အိမ်ပြန်ရောက်သည့်အခါ ကိုးနာရီထိုးပြီးနေပြီဖြစ်သည်။ ပြီးနောက် ဝမ်မင်ယီကလည်း ရင်းနှီးနေသော ကြောင်ဝါလေးအဖြစ်ကို ပြောင်းသွားခဲ့ပြီ။
သူက ကားအပြင်ကိုထွက်ပြီး တစ်ချိန်တည်းမှာပင် ဝမ်မင်ယီကို သူ၏အပေါ်လွှာအိပ်ကပ်ထဲကို ထည့်လိုက်သည်။
ဝမ်မင်ယီက အသံပြုလိုက်သည်။
"မြောင်.. ၊ မြောင်..."
စစ်ကျွင်းတောက်က အင်္ကျီပေါ်မှနေ၍ သူ့ကိုပုတ်လိုက်သည်။
"လိမ်လိမ်မာမာနေ၊ ကိုယ်မင်းကို အိမ်ပြန်ခေါ်သွားမယ်"
ဝမ်မင်ယီက အိတ်ကပ်ထဲတွင်နေလိုက်ပြီး သူ၏ကြောက်လက်ဝါးလေးဖြင့် ခေါင်းကိုထောက်ကာ အတူတကွ အိမ်ထဲဝင်လာခဲ့သည်။
ကျိစစ်ယောင်နှင့် ဝမ်ဝေက ဧည့်ခန်းထဲတွင် စကားပြောနေကြတာဖြစ်သည်။ စစ်ကျွင်းတောက် ပြန်လာတာတွေ့တော့ ကျိစစ်ယောင်ကမေးသည်။
"မင်းဘယ်သွားနေတာလဲ"
"သူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့တာ"
စစ်ကျွင်းတောက်က ဖြေသည်။
ကျိစစ်ယောင်က ခေါင်းညိတ်ပြီးပြောသည်။
"ငါဟန်ဟန်နဲ့ပြောပြီးပြီ၊ မနက်ဖြန် သူနဲ့လိုက်ပေးစရာမလိုဘူး၊ အမေပဲသူနဲ့လိုက်သွားပေးလိုက်မယ်"
"အကောင်းဆုံးပဲ"
ကျိစစ်ယောင်က အကူအညီမဲ့စွာ ပြောလာသည်။
"မင်းဘာပြောလဲကြည့်ဦး၊ ဟန်ဟန်က ဒီလိုလိမ္မာတဲ့ကောင်မလေးပဲကို၊ မင်းကရော.. 'ငါ့နာမည်ကိုပဲခေါ်ပါ၊ ကောလို့ခေါ်ဖို့မလိုအပ်ဘူး'တဲ့၊ သူကမင်းထက်ငယ်တာပဲ၊ ဒီတော့ မင်းကိုကောလို့ခေါ်တာ ဘာများမှားနေလို့လဲ"
စစ်ကျွင်းတောက်က သူ့အမေကိုကြည့်ကာ အေးအေးဆေးဆေးပြောလိုက်သည်။
"ကျွန်တော် အခန်းထဲကို အရင်သွားတော့မယ်"
သူ့ကိုသွားခွင့်ပေးလိုက်တာကလွဲလို့ ကျိစစ်ယောင် ဘာမှမလုပ်နိုင်တော့ပေ။