တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

1K 114 0
                                    

CHAPTER 8

- လူများကို ရိုက်ခြင်းနှင့် ကြက်သတ်ခြင်း

ဟယ့်ရှီရွာက ငါးနှင့် ဆန်စပါး ပေါကြွယ်ဝသောမြေပေါ်တွင် တည်ရှိသည်။ ၎င်းက အမြဲတမ်း ကြွယ်ဝချမ်းသာနေပြီး သဘာဝ သို့မဟုတ် လူလုပ် ကပ်ဘေးများ မရှိပေ။ စီရင်စုမြို့နှင့်လည်း အလွန် နီးကပ်နေသေးသည်။ ဤနေရာ၌ နေထိုင်ကြသူများမှာ အကြမ်းမဖက်တတ်ကြ။ ရွာသားများ အချင်းချင်း ရန်ဖြစ်ကြလျှင်လည်း "မင်းငါ့ကို တွန်းရင် ငါလည်း ပြန်တွန်းမယ်"ဟူသော ပုံစံမျိုးသာ ဖြစ်သည်။

ကျန်းကျန့်က ရောက်ချလာပြီး ဂုဏ်သိက္ခာကြီးသည့် သူ့ဒုတိယဦးလေးကို ရိုက်ချလိုက်သည်။ ထိုလူများ ကြောင်ကြောင်အအ ဖြစ်သွားကြသည် ။

ကျန်းကျန့်က လူသန်ကြီးတစ်ယောက်၏ ခွကြားကို ကန်လိုက်ပြီး ထိုလူ အော်ဟစ်ညီးညူလိုက်သောအခါ သူတို့အားလုံး၏ မျက်နှာများက ဖြူစုတ်သွားကြလေတော့သည်။

ကျန်းကျန့်၏ ခန္ဓါကိုယ်က ယခုထက်ထိ အပြည့်အဝ ပြန်မကောင်းသေး။ သို့သော်လည်း ယခင်ဘဝက မစ်ရှင်တစ်ခုတွင်လည်း သေနတ်ပစ်ခံရပြီးနောက် မူးယစ်ရာဇာများနှင့် တိုက်ခိုက်နိုင်ခဲ့ဆဲ ဖြစ်သည်။ ယခုတွင် သူက လယ်သမားတစ်စုနှင့် ရင်ဆိုင်နေရပေသည်။ ဘယ်လောက်ကြီး ခက်မှာမို့လို့လဲ...

သူခပ်ပြင်းပြင်း မတိုက်ခိုက်နိုင်ရင်တောင် အခြားသူတွေရဲ့ အားနည်းချက်ကို စွန့်စားပြီး လက်ဦးမှုယူထားလို့ ရတာပဲ... ဥပမာ ခွကြားလိုမျိုးပေါ့... ဟုတ်တယ်မလား...

ကျန်းကျန့်က အပြောနှင့်အညီ ထိုလူများထံ လျှောက်လာနေသည်။ သူ့လက်ထဲကဓါးက အေးစက်စက် အလင်းရောင်အောက်တွင် တလက်လက် တောက်နေခဲ့သည်။ လူများမှာ မသိလိုက်မသိဘာသာဖြင့် နောက်သို့ တစ်လှမ်းဆုတ်မိလုနီးပါး ဖြစ်သွားသည်။

သူတို့၏ ရှင်သန်ရာ နည်းလမ်းများက နူးညံ့လွယ်ပြီး သူတို့က နာကျင်ရမည်ကို စိုးရွံ့ကြကာ သေရမည်ကိုလည်း ကြောက်ကြသည်။ ယခုလက်ရှိ ကျန်းကျန့်က သေစေနိုင်လောက်သည်။

ထိုလူများမှာ အဘွားကြီးကျန်းထံမှ အကြီးဆုံးကျန်းကို အပြစ်တင်ပြောဆိုရန်အတွက် ခေါ်ထားခံရခြင်း ဖြစ်သော်လည်း သူတို့က သူနှင့် မတိုက်ခိုက်လိုကြ။ ကျန်းကျန့်၏ လက်ထဲမှ ဓါးကို တွေ့လိုက်ရသောအခါ သူတို့အားလုံးက ထွက်ပြေးချင်သွားလေသည်။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now