Chapter - 14

291 56 0
                                    

Chapter ● 14 ●

ပျန်းနမ်တစ်ယောက် သူ့ဒေါသကို မျိုသိပ်ချုပ်တည်းပြီး ချိုးယိအိမ်တွင် နေနိုင်သည့်အကြောင်းရင်းမှာ၊ ချိုးယိကို တမင်သက်သက်အတိုက်အခံလုပ်ခြင်းအပြင်၊ ချိုးယန့်ကို သူ သဘောကျသောကြောင့်လည်း ပါဝင်သည်။ ချိုးယန့်စိတ်ပျက်သွားမည်ကို သူ မလိုလားပေ။

ဟုတ်ပါသည်၊ မဆိုစလောက်သော အပြစ်ရှိသည့်မလုံမလဲစိတ်လည်း ရှိသေးသည်။ သူ၏ တုတ်ရိုက်ချက်နှစ်ချက်ကြောင့် နဂိုကတည်းကမှ ကျပ်တည်းခက်ခဲနေသော ချိုးယိတို့အိမ်ကို ပိုဆိုးသွားအောင် ဖြစ်သွားစေမှန်း ယခင်က သူ လုံးဝမစဥ်းစားဖူးခဲ့ပေ။

ထို့ပြင် သူ့ကို ရံဖန်ရံခါတွင်ပြောလာသော ချိုးယိ၏စကားတစ်ခွန်းနှစ်ခွန်းကို ထည့်မတွက်လျှင် ပျန်းနမ်ကို အထူးတလည်စိတ်တိုစေသောလုပ်ရပ်မျိုး ချိုးယိက ဘာမှမလုပ်နေပေ။

ထို့ကြောင့် ချိုးယိတစ်ယောက် သူ့ညီကို ရှေ့တွင်ထားပြီး ထမင်းစားပွဲဝိုင်းတွင် မိမိကို လက်သီးနှင့်ထိုးမည်ဟု ပျန်းနမ်က ဘယ်လိုမှ မစဥ်းစားခဲ့ဖူးချေ။ ထို့ပြင် သူ့နှာခေါင်းပေါ်ကို တိတိကျကျ ထိုးထည့်လိုက်သေးသည်။

သူ ဂုဏ်ယူသော ပြည့်စုံခန့်ညားသည့် သူ့နှာခေါင်းကို...။

ချောမွေ့ဖြောင့်တန်းသည့် သူ့နှာခေါင်းကို...။

"ဟေ့ကောင် မင်း ဘာစောက်ရူးထတာလဲ"

ပျန်းနမ်က နှာခေါင်းကိုအုပ်လျက် အော်ပြောသည်။ ထိုသို့အော်ပြောလိုက်ပြီးနောက် တခြားဘာစကားမှ သူ ပြောထွက်မလာတော့ပေ။ နှစ်စက္ကန့်မျှ နောက်ကျပြီးမှ ပျံ့နှံ့တက်လာသည့် နှာခေါင်းပေါ်မှ နာကျင်ကျိန်းစပ်မှု၊ ထုံကျဥ်မှုတို့ကြောင့် သူ့မှာ မျက်ရည်တောင် ကျလာတော့သည်။ စကားသံကျယ်ကျယ်ပြောရန်တောင် မဆိုထားနှင့်ဦး၊ ခါးကုန်းပြီး နှာခေါင်းအုပ်လျှင်တောင် သင့်တော်သောကိုယ်ဟန်အနေအထားကို ရှာမတွေ့နေပေ။

"ကိုကို ဘယ်လိုလိုက်တာလဲ --"

ချိုးယန့်မှာ လန့်သွားခဲ့ပြီး အတော်ကြာအောင် မျက်လုံးပြူးနေခဲ့ပြီးမှ အော်လိုက်သည်။ အသံထဲတွင် ငိုသံလေး ပါဝင်နေသည်။

《Wolf pair》- ဘာသာပြန်Where stories live. Discover now