Chapter - 48

318 55 3
                                    

Chapter ● 48 ●

ပျန်းနမ် ဆေးရုံမှာ တစ်ရက်နေခဲ့ပြီး သူ့အဖေ ဆေးရုံကို နောက်တစ်ခေါက်လာတဲ့အချိန်မှာတော့ ဆေးရုံဆင်းခွင့်ရဖို့ကို ပူညံတော့သည်။

ဆရာဝန်စမ်းသပ်ပြီးနောက် ဘာပြဿနာကြီးကြီးမားမားမှ မရှိဘဲ ထူထူထောင်ထောင်ဖြစ် လာအောင် အနားယူအားဖြည့်လျှင်ရပြီလို့ မှတ်ချက်ပေးသည်။ သူ့အဖေရဲ့သဘောကတော့ နောက်ထပ် သုံးလေးရက်လောက် ထပ်စောင့်ကြည့်စေချင်သော်လည်း ပျန်းနမ်ကတော့ အသေရိုက်သတ်လျှင်တောင် သဘောမတူနိုင်ဘဲ ရှိနေသည်။ သူ့အဖေကို စိတ်မပူစေချင်ပေမဲ့ ဆေးရုံဆင်းဖို့ကိုသာ မလျှော့တမ်း ခေါင်းမာနေသည်။

သူ ဆေးရုံမှာ တစ်နာရီတောင် ထပ်မနေနိုင်တော့ချေ။

နောက်ဆုံးမှာတော့ သူဂျီကျတာ မခံနိုင်တဲ့အဆုံး ဆေးရုံဆင်းဖို့ကို အဖေက သဘောတူလိုက်ရသည်။

ပျန်းနမ်သည် တစ်မိနစ်တောင် အချိန်မဖြုန်းစေဘဲ ဆေးရုံဆင်းရဖို့ လုပ်ငန်းစဉ်တွေ လုပ်ပေးဖို့ သူ့အဖေကို တိုက်တွန်းတော့သည်။

"မင်း တစ်ခုခုစားဖို့ အရင်ခေါ်သွားမယ် ......"

ကားစက်နှိုးရင်း သူ့အဖေက ပြောသည်။

ပျန်းနမ် လုံခြုံရေးခါးပတ်ကို ဆွဲဆန့်နေရင်း ချီတုံချတုံဖြစ်နေကာ သူ့အဖေက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး -

"ပြီးတော့ အိမ်ပြန် အင်္ကျီလဲလိုက်ပြီးရင် မင်းသွားချင်တဲ့နေရာ ငါ လိုက်ပို့ပေးမယ်"

"...... ပို့ဖို့မလိုပါဘူး"

ပျန်းနမ် လုံခြုံရေးခါးပတ် ပတ်လိုက်သည်။ ဒီလိုနေရာမှာတော့ သူ့အဖေက သူ့အကြောင်း တော်တော်နောကျေသည်။ သူ ချိုးယိတို့အိမ်ကို သွားချင်နေတာ အတော်အလျင်စလိုဖြစ်နေသည်။

သူ့အဖေ စကားမပြောတော့ဘဲ ကားကို ပါကင်ထဲကနေ မောင်းထွက်လာခဲ့သည်။

ကားမှာ အိမ်ပြန်တဲ့ဘက်ကိုပဲ ဦးတည်မောင်းသွားကာ အဖေက သိပ်အဝေးကြီးကို မသွားဘဲ လမ်းသင့်သည့်အတိုင်း သူ့ကို အိမ်ရာနဲ့နီးတဲ့ စားသောက်ဆိုင်လေးဆီ ခေါ်သွားသည်။ အရသာပေါ့ပါးသော ဟင်းနှစ်မျိုးခန့် မှာပေးပြီး စားပွဲထိုးအား ပျန်းနမ်အတွက် ဇွန်းယူလာစေပြန်သည်။

《Wolf pair》- ဘာသာပြန်Where stories live. Discover now