Chapter - 40

350 63 2
                                    

Chapter ● 40 ●

ပျန်းနမ်က ချိုးယိရဲ့လက်ကောက်ဝတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသဖြင့် ချိုးယိရဲ့လက်ကောက်ဝတ်အရိုးကို လက်ဖဝါးထဲတွင် သေသေချာချာ ခံစား၍ရနေ၏။

ဘာကြောင့် ဒီလို ဖမ်းဆုပ်လိုက်ရလဲဆိုတာကို တကယ်တော့ ပျန်းနမ်က သူ့ကိုယ်သူလည်း မသိသေးပါ။ သူ့ခန္ဓာကိုယ်တစ်ခုလုံးထဲမှာ ပျံ့နှံ့သွားတဲ့ တချို့သောခံစားချက်ကို တားဆီးပစ်ချင်၍ ဖြစ်လိမ့်မည်။ သို့မဟုတ် ...... ဒီလိုခံစားချက်ကြောင့် သူ ချိုးယိကို ထိတွေ့ချင်စိတ် ဖြစ်ပေါ်လာ၍လည်း ဖြစ်နိုင်သည်။

မည်သို့ဆိုစေ သူ ချိုးယိ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ခဲ့ပြီ။ ထို့ပြင် အားသုံးပြီးတော့လည်း ဆုပ်ကိုင်ထားသည်။

ချိုးယိက ထိုင်ခုံကို တစောင်းမှီနေကာ လက်ကို ဆွဲထုတ်ချင်နေသည်။ သို့သော် ထိုင်နေသောအနေအထားကြောင့် အားပြင်းပြင်းသုံးပြီး ဆွဲထုတ်ဖို့လည်း အဆင်မပြေနေပါ။ နှစ်ခါ ဆွဲထုတ်လိုက်လည်း မအောင်မြင်ခဲ့ပေ။

"မင်းဘာလုပ်တာလဲ"

ချိုးယိသည် စားပွဲပေါ် တင်ထားသော ခြေထောက်တွေကို ပြန်ချလိုက်ရုံသာတတ်နိုင်ပြီး မတ်တတ်ရပ်လိုက်၏။

"မင်း ဘာလုပ်တာလဲ"

ပျန်းနမ် သူ့ကို ကြည့်ရင်း မေးသည်။ ချိုးယိက လက်ကို နောက်တစ်ခါ ဆွဲထုတ်ဖို့လုပ်တဲ့အချိန်မှာ ပျန်းနမ် ထထိုင်လိုက်ကာ ချိုးယိ၏လက်ကောက်ဝတ်ကို သူရှိရာဆီသို့ တစ်ချက် ဆွဲလာလိုက်သည်။

ချိုးယိက တစ်ချက်ယိမ်းယိုင်သွားပြီးနောက် ခုတင်ဘေးဘက်သို့ ပစ်ကျသွားကာ လက်မောင်းဖြင့် ခုတင်ပေါ်တွင် ထောက်လိုက်သည်။

ကိုယ့်ကိုယ်ကိုယ် ရူးနှမ်းပြီးရောဂါရှိနေတာဖြစ်မယ်လို့ ပျန်းနမ် ထင်လိုက်သည်။ ချိုးယိ ပြန်မထခင်အချိန်မှာပဲ သူသည် ခုန်ထလိုက်ကာ ချိုးယိ၏လက်ကောက်ဝတ်ကို ကိုယ်နောက်သို့ ဆွဲလှည့်လိုက်ပြီး ချိုးယိ၏ကျောပေါ်ကို တက်ဖိလိုက်သည်။

"ဟ"

ချိုးယိ အော်လိုက်သည်။ အဖိခံထားရ၍ ခုတင်ပေါ်တွင် မှောက်လျက်ဖြစ်နေတော့သည်။

《Wolf pair》- ဘာသာပြန်Where stories live. Discover now