Chapter - 76

441 114 35
                                    

Chapter ● 76 ●

ယနေ့ ယခုအခိုက်အတန့်မတိုင်မီကတည်းက ပျန်းနမ်သည် ဤကိစ္စနှင့်ပတ်သက်ပြီး စိတ်ကူးဖြင့် များစွာ ပုံဖော်ခဲ့ဖူးသည်။

အိမ်ကလူတွေ ဘယ်လို သိသွားကြမလဲ၊ ဘယ်လို သဘောထားကြမလဲ၊ အဖေ အန်တီ ပျန်းရှင်းယွီ ပျန်းဟောက်တို့ ဘယ်လိုစကားမျိုး ပြောလာကြမလဲ ......

ပြီးတော့ သူကရော ဘယ်လိုကိုင်တွယ်ရင်ဆိုင်မလဲ၊ ဘယ်လို ဝန်ခံမလဲ၊ ဘယ်လို ကြိတ်မှိတ်သည်းခံမလဲ ......

သူ့အကျင့်အတိုင်း ဒါတွေကို ရှည်ရှည်ဝေးဝေးနဲ့ များများစားစား ခေါင်းစားခံနေတာတော့ မဟုတ်ပါပေ။ ရင်ထဲတင်းကျပ်ပြီး ဆို့နင့်လာသည်နှင့်တပြိုင်နက် အတွေးများကို ရပ်ပစ်လိုက်တတ်သည်။

သို့သော် ဒီအဆင့်အထိ တွန်းအားပေးခံရတာဟာ ဒီလိုခံစားချက်ပါလားဆိုတာကိုတော့ သူ ဘယ်တုန်းကမှ ကြိုမတွေးခဲ့ဖူးချေ။

တုန်လှုပ်မှု၊ ရှုပ်ထွေးမှု၊ စိတ်မအေးမှု ...... မဟုတ်သေးဘူး၊ စိတ်မအေးမှု မဟုတ်ပါ။

ကြောက်ရွံ့မှု ဖြစ်သည်။

အိမ်သားများအားလုံး ရှိနေကြပြီး သူကတော့ လှေကားရင်းတွင် ရပ်နေကာ ပျန်းရှင်းယွီက သူ့ဘေးတစ်ဖက်တွင် ရပ်နေသည်။ ပျန်းဟောက်ကတော့ ဆိုဖာရှေ့တွင် ရပ်နေကာ အန်တီကတော့ မီးဖိုခန်းတံခါးဝနားတွင် ရှိနေ၏။ သူ့အိပ်ခန်းထဲသို့ ထွက်ပြေးမည့်လမ်းဟာလည်း အပေါ်ထပ်ကနေ ဆင်းလာနေသည့် အဖေကြောင့် လွတ်လမ်းမရှိ အပိတ်ခံထားရသည်။

အားလုံး သူ့ကို ဝိုင်းကြည့်နေကြ၏။ ဆိုင်းမဆင့်ဗုံမဆင့်ထွက်ပေါ်လာသည့် စစ်မေးနေသယောင် ပျန်းရှင်းယွီ၏မေးခွန်းကြောင့် ရှိသမျှလူများက ဇဝေဇဝါအမူအရာဖြင့် သူ့ဆီက အဖြေကို စောင့်မျှော်နေကြသည်။

"နင် ...... ဘယ်သူနဲ့ ...... ချစ်သူများနေ့မှာ သွားလည်ခဲ့တာလဲ"

ပျန်းရှင်းယွီသည် ပထမတစ်ခေါက်ကလို အသံကျယ်ကျယ်ဖြင့် အော်ဟစ်မေးမြန်းခြင်း မရှိတော့ပါ။ ဒုတိယတစ်ကြိမ် မေးလာသည့်အချိန်တွင် သူ့အသံထဲတွင် တုန်ယင်မှုနှင့် နှာခေါင်းသံတို့ ပါဝင်နေခဲ့သည်။

《Wolf pair》- ဘာသာပြန်Where stories live. Discover now