Chapter - 71

650 121 7
                                    

Chapter ● 71 ●

ယနေ့ တောက်လျှောက် နှင်းကျနေသဖြင့် မျောင်ယွမ်လည်း အင်္ကျီကို ထူထဲစွာ ဝတ်ဆင်ထားသည်။ လည်စည်းပဝါဖြင့် ခေါင်းကို ပတ်ခြုံထားကာ မျက်နှာတွင်လည်း နှာခေါင်းစည်း အုပ်ထားသေးသည်။ သူ အံ့အားသင့်လွန်း၍ နှာခေါင်းစည်းကို ဖယ်ခွာလိုက်ခြင်းမဟုတ်လျှင် ဒီလူဟာ မျောင်ယွမ်ဆိုတာကို ပျန်းနမ်လည်း မှတ်မိနိုင်မှာ မဟုတ်ချေ။

သူတို့နှစ်ယောက်၏ဆက်ဆံရေးကို လူများအား မသိစေချင်သည့် ချိုးယိ၏ဆန္ဒကို သိပ်မကြာသေးခင် ယခင်တလောကမှ သူ အလွန့်အလွန် စိတ်အလိုမကျခဲ့သော်လည်း ယခုတော့ ဖြတ်ခနဲ လှည့်အကြည့်မှာ မျောင်ယွမ်မျက်နှာပေါ်က အံ့အားသင့်ရိပ်တို့ကို တွေ့လိုက်သည့်အချိန်တွင်တော့ သူ ရုတ်တရက်ပင် ထိတ်ပျာပြီး ချောက်ချားသွားတော့သည်။ စိတ်တွင်းပြင်ဆင်မှု လုံးဝမရှိ၍လည်း ဖြစ်လိမ့်မည်၊ ထို့ပြင် နေ့ခင်းကြောင်တောင်တွင် သူများ၏အိမ်ရာဝင်းထဲမှာ ဖြစ်နေသေးသည်။

မျောင်ယွမ်၏လက်က နှာခေါင်းစည်းကို ဆွဲချထားလျက်သား အနေအထားပင် ရှိနေဆဲဖြစ်ကာ မျက်ဝန်းများကလည်း ပြူးကျယ်ဝိုင်းစက်နေသည်။

"မျောင် ...... မျောင်"

ပျန်းနမ်တစ်ယောက် ကြိုးစားပြီး ကိုယ့်ကိုယ်ကိုယ် စိတ်တည်ငြိမ်အောင် ထိန်းလိုက်၍ မျောင်ယွမ်ကို ကြည့်နေသည်။

"အာ"

သူ့အသံကို ကြားလိုက်တော့မှ မျောင်ယွမ်က အိပ်ရာမှ နိုးလာသလို ပြန်ထူးလိုက်၏။ ထို့နောက် အနည်းငယ် အိုးတို့အမ်းတမ်းဖြစ်စွာ တစ်ချက်ခုန်လိုက်ပြီး လက်ထဲက အိတ်ကို လှုပ်ပြလိုက်ရင်း -

"ငါ ...... ငါ အင်္ကျီဝယ်ပြီးတော့ ဝတ်လို့မတော်တာနဲ့ ယူလာပြီး ...... ပြန်လာလဲတာ"

"ဪ"

ပျန်းနမ် ချိုးယိကို တစ်ချက်ပြန်လှည့်ကြည့်လိုက်သည်။ ချိုးယိ၏နှာခေါင်းစည်းက ပျန်းနမ်ကြောင့် ဆွဲချခံထားရသော်ငြား လည်စည်းပဝါက မျက်နှာတစ်ဝက်လောက်အထိ ဖုံးနေသေးပြီး ခေါင်းစွပ်ကိုလည်း အတော်လေးအောက်ကျအောင် ဆောင်းထား၍ ရုတ်တရက်ကြည့်လိုက်လျှင် ဘယ်သူလဲဆိုတာ သိနိုင်ဖို့ ခက်ခဲသည်။ သူ စိတ်သက်သာရသလို သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်၏။ သူများကို မသိစေချင်သော ချိုးယိအတွက်ဆိုလျှင် ယခုဤပုံစံက ဖုံးကွယ်ထားနိုင်လောက်သည်။

《Wolf pair》- ဘာသာပြန်Where stories live. Discover now