အပိုင်း - ၈

5.8K 1.2K 163
                                    

အခန်း - ၈ (သေချာပေါက် ဘိုးဘေးလေးပဲ)

[သွားရှုပ်၍မရကောင်းသော စာပေပညာရှင်များ]

အမှန်တရားက သက်သေပင်ဖြစ်၏။လူကြီးမင်းဝမ်း၏ စာပေရေးသားခြင်းအတတ်မှာ သာမန်လူများထက် သာလွန်ပြောင်မြောက်နေသည်။

လွန်ခဲ့သောနှစ်များအတောအတွင်း သာမန်ပြည်သူပြည်သားများကြား ရင်းနှီးကျွမ်းဝင်စွာ ဇာတ်မြှုပ်ကျင်လည်ခဲ့သောကြောင့် ထန့်ဟွားရာထူးရခါစအချိန်တုန်းကထက်စာလျှင် ဝမ်းလျိုနျဲန်၏ အရေးအသားများမှာ ဖတ်ရှုရသူ၏ စိတ်နှလုံးကို ပို၍လှုပ်ခတ်စေနိုင်စွမ်းရှိလာသည်၊ ဇာတ်ကြောင်းမှာလည်း ရိုးရှင်းလွယ်ကူကာ စိတ်ဝင်စားစရာကောင်းလှ၏၊ သူတစ်ပါးအား မြင်စေလိုသော အကြောင်းအရာများကို သေသေချာချာ ပြောပြထားသေး၏။

မုချင်းရှန်းကတော့ မင်များကို ခြောက်အောင် ကူပြီးမှုတ်ပေးနေကာ စာမျက်နှာများကို အစဥ်လိုက် ပြန်စီပေးနေ၏။

' လွန်ခဲ့သောရာစုနှစ်များစွာက မကောင်းဆိုးဝါးတို့၏အငွေ့အသက်ကို သယ်ဆောင်လာသော လေအလျဥ်မှာ မြို့တစ်ခုလုံးကို ရစ်ခြုံလွှမ်းမိုးနေကာ အငြိုးကြီးမိစ္ဆာများသည်လည်း နေရာအနှံ့ ပြေးလွှားသောင်းကျန်းနေကြလျက်။ မြို့သူမြို့သားများကလည်း ​အကြောက်တရားနှင့်အတူ ရှင်သန်နေထိုင်ကြရကာ အိမ်ထဲတွင်သာနေပြီး အိမ်ပြင်သို့ လုံးဝထွက်မလာရဲကြ။ ဆင်းရဲချို့တဲ့ပြီး ငတ်မွတ်ခေါင်းပါးသော ဒဏ်ကို ခံစားကြရကာ ဘဝအခြေအနေမှာ လွန်စွာမှ ခက်ခဲပင်ပန်းနေခဲ့လေသည်။

ထိုစဥ် ကံကောင်းစွာပင် ကောင်းကင်ဘုံနန်းမှ ရွှမ်ဝူအမိန့်တော်ရပုဂ္ဂိုလ်ကြီး ကျောက်ယွဲ့မှာ သိန်းသောင်းမကသော ရွှေရောင်အလင်းတန်းများနှင့် ထိန်လင်းတောက်ပနေသည့် ခန္ဓာကိုယ်မျိုးပိုင်ဆိုင်ကာ ကောင်းကင်ဘုံမှ နတ်စစ်သူကြီးများ၊ နတ်စစ်သည်တော်များကို ဦးဆောင်ပြီး လူအများကို ကူညီဖို့ရန်နှင့် ကပ်ဘေးအန္တရာယ်ကို သုတ်သင်ရှင်းလင်းရန် ကောင်းကင်ဘုံနန်းမှ ဆင်းသက်လာခဲ့သည်။ သို့သော်လည်း မိစ္ဆာများ၏အန္တရာယ်ကို ချေမှုန်းရပ်ဆိုင်းပြီးသွားသောအခါ တစ်မြို့လုံးကလည်း ဖွတ်ဖွတ်ညက်ညက်ပျက်စီးနေပြီဖြစ်သည်။

Tu Fei Gong LueWhere stories live. Discover now