အပိုင်း - ၁၁၈ ( ကိုယ်လက်နှီးနှောမှုရှောင်ကြဥ္ရင် ပိုကောင်းမယ်)

3.4K 537 35
                                    

အပိုင်း - ၁၁၈ ( ကိုယ်လက်နှီးနှောမှုရှောင်ကြဥ္ရင် ပိုကောင်းမယ်)

( မဟုတ်ရင် တစ်ခုခုလွဲမှာစိုးလို့ )

အတန်ကြာသည့်အထိ စောင့်နေသည့်တိုင် ကျောက်ယွဲ့ ပြန်မလာသေးပါချေ။ အပြင်ဘက်တွင်လည်း မိုးတဖွဲဖွဲ ရွာကျစပြုလာသည်မို့ ဝမ်းလျိုနျဲန်လည်း ထီးယူပြီး အပြင်သို့ ထွက်လာလိုက်၏။

ဘုရင့်သက်တော်စောင့်များ ရှိလာသည်မို့ ချင်ရှောက်ယွီလည်း ချူယွမ်နှင့် ကျွေ့ယင်နန်းကြား ပဋိပက္ခ မဖြစ်စေရန် အရိပ်တပ်သားများအား ပြန်ခေါ်ထားဖြစ်သည်။ ညကြီးသန်းခေါင် အပြင်သို့ တစ်ယောက်တည်းထွက်သွားမည်လုပ်နေသော ဝမ်းလျိုနျဲန်ကို မြင်သောအခါ ဘုရင့်သက်တော်စောင့်များလည်း တစ်ယောက်တည်းသွားခွင့်တော့ မပြုနိုင်ကြ။ ထိုသူမှာ ဧကရာဇ်၏ အလေးအပေးခံရဆုံးသူဖြစ်ရာ အမှားသေးသေးလေးတစ်ခု ဖြစ်လာလျှင် ထိုအတွက် တာဝန်မယူနိုင်မည်ကို စိုးရွံ့၏။

"အမတ်မင်း ၊ ဘယ်သွားမလို့လဲခင်ဗျာ"

"လူတစ်ယောက်ကို သွားရှာမလို့"

မှောင်မည်းနေသော အိပ်ခန်းကို မြင်ရသောအခါ ဘုရင့်သက်တော်စောင့်များလည်း မတတ်သာတော့ပါချေ။

"အမတ်မင်းနဲ့အတူ အဖော်လိုက်သွားပေးပါရစေ"

ဝမ်းလျိုနျဲန် ခေါင်းညိတ်လိုက်၏။

"ဟုတ်ကဲ့"

ထို့နောက် လူသုံးယောက်သား အပြင်ထွက်သွားဖြစ်ကြကာ အရင်ဦးစွာ ရှန်းဟိုင်စားသောက်ဆိုင်ကို သွားကြည့်ကြသည်။ တံခါးအကြာကြီးခေါက်ပြီးမှ ဆိုင်ဝန်ထမ်းလေးက အိပ်မှုန်စုံမွှားနိုးလာကာ ခေါင်းဆောင်ကျောက် ထွက်သွားသည်မှာ ကြာလှပြီဖြစ်ကြောင်း ဆိုလာ၏။

ဝမ်းလျိုနျဲန်မှာ အနည်းငယ်စိုးရိမ်သွားပေသည်။ မိမိတို့နှစ်ယောက် ချစ်ကြိုက်ပြီးကတည်းက ယခုလိုအဖြစ်မျိုး တစ်ခါမှ မကြုံဖူးသေးပါ။ ဤမျှထိ ညဥ့်နက်နေပြီကို ထိုသူ ဘယ်သွားနေပါသနည်း။

****

မြို့ပြင်ဝယ်။

သိုင်းကွက်အနည်းငယ် ဖလှယ်ကြည့်ပြီးသည်နှင့် ကျောက်ယွဲ့ထံ တစ်ခုခုမူမမှန်ဖြစ်နေကြောင်း ယွင်သွမ့်ဟွန် ခံစားလိုက်ရရာ လက်ကောက်ဝတ်ပေါ်ရှိ သွေးကြောအား စမ်းသပ်ကြည့်လိုက်၏။

Tu Fei Gong LueWhere stories live. Discover now