အပိုင်း - ၃၈ { ကျားခေါင်းဂိုဏ်း၏ လျို့ဝှက်ချက် }

3.8K 799 119
                                    

အပိုင်း - ၃၈ { ကျားခေါင်းဂိုဏ်း၏ လျို့ဝှက်ချက် }

{ ဓားပြနဲ့မတူဘဲ သိုင်းလောကရဲ့ဂိုဏ်းတစ်ခုခုနဲ့ တူနေတယ် }

ရှန့်ယွင်ကျယ်မှာ သူ့ကိုယ်သူ လူကြီးလူကောင်းတစ်ယောက်ဟု မယူဆပါ။

သူ့အား ပြန်မခုခံနိုင်သော လူသားလေးက ယခု သူ့ရင်ခွင်ထဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြီမို့ လူကြီးလူကောင်းဆန်အောင် သူ့ကိုယ်သူ အတင်းတွန်းအားပေးနေရသည်။ မိမိတို့ကိုယ်တိုင် နှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲ တန်ဖိုးထားလိုသော အရာများရှိလာသောအခါ စိုးရိမ်သောကလည်း များပြားလာတတ်သည်မို့ စည်းကျော်ရမည့်ကိစ္စများအား လွယ်လင့်တကူ မလုပ်ရက်ကြတော့ပါ။

ညချမ်းချိန်ခါမှာ အနည်းငယ် အေးမြနေသည်။ မုချင်းရှန်းက သူ့ဘေးနားရှိလူ၏ ရင်ခွင်ထဲသို့ ပို၍တိုးကပ်လာကာ နှစ်ခြိုက်စွာ အိပ်စက်နေခဲ့၏။

ရှန့်ယွင်ကျယ်ကမူ သူ၏ကျောပြင်အား ညာလက်ဖြင့် ပွတ်သပ်ချော့မြှူရင်း မိမိတို့နှစ်ယောက်ကြား ဆက်ဆံရေးမှာ အဆင်ပြေချောမွေ့စွာ တိုးတက်လာကြောင်း တွေးနေမိသည်။

****

ကျယ်ပြောလှသည့် တောင်တန်းပေါ်ဝယ် မိုးလေဝသအခြေအနေမှာ မရေရာမသေချာခဲ့ပါ။ လေလေး တဖြူးဖြူးတိုက်ပြီးသည့်နောက်တွင် မိုးကြီးလေကြီး တိုက်ခတ်လာသဖြင့် ကျောက်ယွဲ့နှင့် ဝမ်းလျိုနျဲန်မှာ ကမ်းပါးတစ်ခုပေါ်တက်ကာ မိုးခိုရန် ဂူတစ်ဂူ ရှာလိုက်ကြရသည်။ ဟေးဖုန်းသည်လည်း သူတို့နှင့်အတူ တက်လာကာ မိုးစက်များကို ခါထုတ်ပြီး ဘေးနားတစ်နေရာ၌ အိပ်နေ၏။

ကျောက်ယွဲ့က အင်္ကျီထဲမှ ဟွာကျယ်ကျီ
( မီးခြစ်အဖြစ် သုံး၍ရသည့် ပြောင်းတစ်မျိုး ) အား ထုတ်ယူလိုက်၏။ ထို့နောက် ဂူထဲရှိ ထင်းခြောက်အချို့ကို ကောက်ပြီး မီးမွှေးလိုက်ရာ မကြာမီမှာတင် မီးပုံတစ်ခု ဖြစ်တည်လာစေသည်။

"ကျွေ့ယင်နန်းကလူတွေပါ ခေါ်လိုက်ရမလား"

ဝမ်းလျိုနျဲန်က ထိုသို့ပြောလာသောအခါ ကျောက်ယွဲ့လည်း အနည်းငယ်အံ့ဩသွားရ၏။

Tu Fei Gong LueWhere stories live. Discover now