အပိုင်း - ၁၂၇ (ဘုရင့်သက်တော်စောင့်တွေ လိုက်မလာအောင် ဘယ်လိုလုပ်ရမလဲ)

2.2K 452 53
                                    

အပိုင်း - ၁၂၇ (ဘုရင့်သက်တော်စောင့်တွေ လိုက်မလာအောင် ဘယ်လိုလုပ်ရမလဲ)

( တော....တော....တောအုပ်ထဲမှာ!!!!!)

"အကြိမ်ကြိမ်တွေ့ဆုံဖူးပေမယ့် အခုထိ နာမည်မမိတ်ဆက်ကြရသေးဘူးပဲ"

ဝမ်းလျိုနျဲန်က ဝူယင်းအတွက် ရိုသေလေးစားမှုရှိစွာ ကိုယ်တိုင်ကိုယ်ကျ လက်ဖက်ရည်ငှဲ့ပေးလာသည်။

သို့သော် သူ့ဘက်မှ ရိုသေပြလေလေ ၊ ဝူယင်းရင်ထဲရှိ ဆိုင်းသံဗုံသံများလည်း ပိုမိုဆူညံလာလေဖြစ်ကာ မီးရှူးမီးပန်းများပါ ပစ်ဖောက်နေပြီဖြစ်သည်။

လူကြီးမင်း!!!! ကျွန်တော့်ကို ကယ်ပါဦး!!!!

"ကျွန်တော့်နာမည် ဝမ်းလျိုနျဲန်ပါ"

အမတ်မင်းဝမ်းမှာ ရိုကျိုးနှိမ့်ချလှကာ ယဥ်ကျေးပျူငှာလှပေ၏။ ဝူယင်းမှာမူ မုန့်အကြီးကြီးတစ်လုပ် ကိုက်စားထားသဖြင့် ချက်ချင်းပြန်မဖြေနိုင်ပါချေ။

"ဒါက လျိုယဲ့မုန့်ကြွပ်ပါ"

"အင်း၊ အင်း"

ဝူယင်းက မုန့်များကြောင့်ဖောင်းနေသော ပါးများနှင့်အတူ ခေါင်းညိတ်ပြလာ၏။

"မုန့်အတွင်းသားက အစိုဓာတ်နည်းပါးတာမို့ ထောပတ် ထပ်ဖြည့်ထားပါတယ်။ ဒါ့အပြင် ပဲနီအနှစ်မှာလည်း သကြားအများကြီး ထည့်ထားတာပါတယ်။ သေချာသိမ်းဆည်းတတ်ရင် ဆယ်လခွဲလောက် မပျက်စီးကြောင်းပါ။ ဒီတိုင်းပြည်မှာတော့ ဒီဆိုင်က လျိုယဲ့မုန့်လုပ်တာ အတော်ဆုံးဆိုင်ပါပဲ။ အကြိုက်တွေ့တယ်ဆိုရင် သင်္ဘောပြန်မတက်ခင် ဒီမုန့်တွေ အတူယူသွားပါနော့"

"ဟုတ်၊ ဟုတ်"

ဝူယင်းက ခေါင်းကိုသာ ဆက်ညိတ်ပြနေ၏။

ဝမ်းလျိုနျဲန်က သူ့အား ပြုံး၍သာကြည့်နေသည်။

ဝူယင်းမှာမူ မျက်နှာတစ်ချက်ပျက်ယွင်းသွားကာ မုန့်ကို မနည်းမျိုချလိုက်ရသည်။

"သင်္ဘော... မတက်ဖြစ်ပါဘူး"

"အို"

ဝူယင်းမှာ မုန့်ပန်းကန်ထဲသို့သာ ခေါင်းစိုက်ပြီး မျက်နှာဖွက်ထားချင်လှ၏။ ရေငုံနှုတ်ပိတ်ပြီး လူသေလိုသာနေရန် ကြံရွယ်ထားသော်ငြား ယခုတော့ တေမိဇာတ်ခင်းလျှင်ပင် ဘေးမကင်းတော့သည်မို့ အမြန်ဆုံးထွက်သွားရန် ဆင်ခြေရှာရပေမည်။

Tu Fei Gong LueWhere stories live. Discover now