အပိုင်း - ၃၆ { ချဥ်စပ်ခေါက်ဆွဲပူပူလေးက အရသာရှိတယ် }

3.6K 819 154
                                    

အပိုင်း - ၃၆ { ချဥ်စပ်ခေါက်ဆွဲပူပူလေးက အရသာရှိတယ် }

{ ဒါကမှ စာဂျပိုးလေးပီသတာ }

အမွှေးတိုင်တစ်တိုင်စာအချိန် ကုန်လွန်ပြီးသွားသောအခါ ယောင်ရှောင်ပါး၏ မိသားစုမှာ ရုံးတော်သို့ ခေါ်ဆောင်ခံလာရသည်။ မုချင်းရှန်းပြောသည့်အတိုင်း၊ ယောင်မျိုးရိုးမှာ ဤမြို့တွင်သာ မျိုးရိုးတစ်ဆက်ပြီးတစ်ဆက် နေလာခဲ့သည်မို့ အပြင်လောကအား မမြင်ဖူးပါချေ။ ထို့ကြောင့် ရုံးတော်သို့ ရုတ်တရက်ဆင့်ခေါ်ခံရသောအခါ လွန်စွာမှပင် ကြောက်ရွံ့စိုးထိတ်နေကာ စကားတစ်ခွန်းမှ ဟဟမပြောရဲကြ။

ဝမ်းလျိုနျဲန်က တရားခွင်တွင် ခန့်ညားထည်ဝါစွာ အရှိန်အဝါအပြည့်နှင့် ထိုင်နေသည်။

ယောင်ရှောင်ပါး၏ အကြီးဆုံးအစ်ကိုမှာ ယောင်ရှန်းဟု အမည်ရှိကာ အသက်သုံးဆယ်ကျော်ခန့်ရှိ၏။ ထိုသူက ပုံမှန်အားဖြင့်လည်း စကားနည်းကာ ဘာပြောရမည်မသိဘဲ လက်များတုန်ယင်နေခဲ့သည်။

"ယောင်ရှောင်ပါး ဘယ်သွားသလဲ"

ဝမ်းလျိုနျဲန် မေးလာ၏။

"အ...အမတ်မင်းကို ဖြေကြားပါတယ်။ ရှောင်ပါးက ဟိုးအဝေးကြီးကို ထွက်သွားခဲ့တာပါ"

ယောင်စန်းက ခေါင်းငုံ့လျက် ဖြေဆိုလာသည်။

"သူ ဘယ်ကို ထွက်သွားတာတဲ့လဲ"

ဝမ်းလျိုနျဲန် ထပ်မေးလာ၏။

"ရွှေမြို့တော်ဆီကိုပါ"

ဝမ်းလျိုနျဲန်က မေးစေ့ကို ပွတ်သပ်လိုက်သည်။

"လွန်ခဲ့တဲ့ဆယ်ရက်တုန်းက ရွှေမြို့တော်ကို သွားခဲ့တယ်ပေါ့လေ။ မြင်းနဲ့လား၊ ခြေကျင်လား"

"ခြေ....ခြေကျင်ပါ"

ယောင်စန်းက အထစ်ထစ်အငေါ့ငေါ့ ​ဖြေလာသည်။

"ဒါဆို ခုချိန် ဂန်းဖျင်မြို့ကို ရောက်နေလောက်ပြီ "

ဝမ်းလျိုနျဲန်က စေ့စပ်စွာတွေးလိုက်ပြီးနောက် အားမာန်ပါစွာ အော်လိုက်၏။

"အမှုထမ်းတို့!!!!"

ယောင်ရှန်းမှာ သူ့ကိုယ်သူ ကြိမ်ဒဏ်ခံရတော့မည်ဟု ထင်သွားသဖြင့် လွန်စွာမှ ကြောက်လန့်ကု ဒူးများပင် ယိုင်နဲ့ကုန်သည်။

Tu Fei Gong LueWhere stories live. Discover now