အပိုင်း - ၁၄

5.4K 1.1K 181
                                    

အပိုင်း - ၁၄ ( နောက်ဆုံးကျရင် သခင်ကြီး ဘယ်သူ့ကိုကူမှာလဲ )

{ သေချာပေါက် ခေါင်းဆောင်ကျောက်ကိုပဲပေါ့ }

"ရတနာပစ္စည်းသိမ်းဖို့?"

ထိုစကားကိုကြားတော့ မုချင်းရှန်းလည်း အနည်းငယ်စိတ်ဝင်စားသွား၏။ သူလည်း ဘာမှလုပ်စရာမရှိသေးသည်မို့ အမှုထမ်းများနောက် လိုက်သွားကြည့်လိုက်သည်။

အစိုးရရုံးတော်၏ မျက်နှာချင်းဆိုင်မှာ တပ်မှူးအိမ်တော်ဖြစ်ခဲ့ဖူးကာ တပ်မှူးဖြစ်သူမှာလည်း အငြိမ်းစားယူဖို့ ညီလာခံသဘင်မှ ပြန်ဆင့်ခေါ်ခြင်းခံလိုက်ရပြီဖြစ်သည်။ ထို့ကြောင့် ထိုစံအိမ်ကြီးမှာ ထိုနေရာတွင်ပင် နှစ်ပေါင်းနှစ်ဆယ်သုံးဆယ်ခန့်မျှ ထီးထီးကြီးကျန်နေခဲ့၏။ သို့သော် ထိုစံအိမ်ကြီးကို ဘယ်သူကမှ ဂရုတစိုက်စောင့်ရှောက်ဖူးခြင်းမရှိသဖြင့် သူခိုးဓားပြများက ပစ္စည်းများ အကြိမ်ကြိမ်အခါခါ လာရောက်ခိုးယူကြသည်။ ထို့အပြင် ခေါင်မိုးနှင့်တိုင်လုံးများကလည်း ဆွေးမြေ့နေကာ ကွာကျချင်နေပြီဖြစ်၏။ ထို့ကြောင့် ထိုအိမ်ကြီးမှာ ညှို့မှိုင်းမှိုင်းအရိပ်အငွေ့များ ရှိနေကာ ထိုအိမ်ကြီးက သရဲခြောက်သည်ဟူသော သတင်းထွက်မလာသည့်တိုင် မည်သူကမှ ထိုအိမ်ထဲသို့ ပြောင်းရွှေ့မနေချင်ကြ။

ရှန့်ယွင်ကျယ်က ခြံဝန်းအဝင်တံခါးရှေ့ရပ်နေကာ အိမ်ခေါင်မိုးများကိုခွာနေသော ဆောက်လုပ်ရေးသမားများကို လိုက်ကြည့်နေသည်။ ထိုစဥ် မုချင်းရှန်းရောက်လာလေ၏။

"ဩ၊ နိုးပြီလား?"

"ဟုတ်၊ ရုံးဝန်ထမ်းတွေပြောတော့ ခံတပ်သခင်ကြီးက ဒီစံအိမ်ကို ဝယ်လိုက်တယ်ဆို"

ရှန့်ယွင်ကျယ် ခေါင်းညိတ်လိုက်သည်။

"ဆောက်လုပ်ရေးဝန်ထမ်းတွေကနောက် သုံးရက်အတွင်း ရောက်လာလိမ့်မယ်။ အစစအရာရာ အဆင်ပြေချောမွေ့ရင် တစ်လအတွင်း ပြန်မွမ်းမံလို့ပြီးတယ်"

မုချင်းရှန်း တွေဝေနေသည်။

"ဒါပေမယ့် ထန်ယွင်ခံတပ်က ဆန်းမန်မြို့ထဲမှာ ပိုင်ဆိုင်ထားပြီးသားအိုးအိမ်တွေ ရှိတယ်လေ။ ဒီအိမ်ထဲ ဘယ်သူမှလာမနေတာကို ဘာလို့ ခံတပ်သခင်ကြီးက အိမ်အသစ်တစ်လုံး ထပ်ဝယ်လိုက်သေးတာလဲ"

Tu Fei Gong LueWhere stories live. Discover now