အပိုင်း - ၈၁ ( လွန်ခဲ့သည့်ဆယ်နှစ်က တာ့မင်ဝမ်အကြောင်း )

3K 649 31
                                    

အပိုင်း - ၈၁ ( လွန်ခဲ့သည့်ဆယ်နှစ်က တာ့မင်ဝမ်အကြောင်း )

( တကယ်တမ်းကျ ကောင်းတာလား ဆိုးတာလား)

လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုဝယ် အရှေ့တောင်ပင်လယ်မှာ အင်မတန်မှ မငြိမ်မသက်ဖြစ်ခဲ့ကာ ဓားပြသူပုန်များ ကြီးစိုးလွန်းသဖြင့် သာမန်အရပ်သားများက ပင်လယ်ပြင်သို့ ရွက်လွှင့်မသွားရဲကြ။ ကမ်းစပ်တွင် ငါးဖမ်းနေလျှင်ပင် ဓားပြအတိုက်ခံရမည်စိုး၍ ထိတ်လန့်ကြောင့်ကြနေခဲ့ရသည်။ ကြာသော် ပင်လယ်ဓားပြများက အင်အားစုစည်းလိုက်ကြကာ ဂျပန်ဓားပြများနှင့်ပါ ပူးပေါင်းပြီး ကုန်းတွင်းပိုင်းဒေသထဲ ကျူးကျော်ကာ လူသတ်ခြင်း၊ အိမ်ခြေများအား မီးရှို့ခြင်းတို့ လုပ်လာကြ၏။

ထိုစဥ်က တာ့ချူ၏ အရှေ့တောင်ဒေသမှာ ခံစစ်အားဖြင့် လွန်စွာချည့်နဲ့နေရာ စစ်ပွဲအစမှာပင် ကြီးမားသောဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရသည်။ အရေးပါသော ဆိပ်ကမ်းမြို့ကြီးသုံးမြို့အား တစ်မြို့ပြီးတစ်မြို့ ဆုံးရှုံးလိုက်ရကာ အဆိုးဆုံးအခြေအနေရောက်လာသောအခါ ထိုဓားပြများအား ဤတိုင်းပြည်မှ နှင်ထုတ်ရန် (အရင်)ဧကရာဇ်ချူကိုယ်တော်တိုင် စစ်တပ်ကို ဦးဆောင်ပြီး တောင်ဘက်သို့ စုန်ဆင်းချီတက်လာခဲ့၏။ ထို့နောက် အရှေ့တောင်ဒေသရှိ ပြည်သူအပေါင်းတို့အား စိတ်လုံခြုံမှုပေးစွမ်းနိုင်ရန် စစ်သည်သုံးသောင်းအား ထိုနေရာတွင်ပင် စခန်းချ​စေကာ ချန်ရစ်ထားမည်ဖြစ်သည်။

သမိုင်းစာအုပ်များထဲဝယ် အင်မတန်မှ အနုစိတ်ကာ တိကျလှသည့် စုတ်တံမင်ချက်များဖြင့် ထိုစဥ်က စစ်ပွဲတစ်ခုချင်းစီ၏ အချိန်နေရာနှင့် ကြေကွဲထိတ်လန့်ဖွယ်အခြေအနေအား  မှတ်တမ်းတင်ခဲ့ကြသည်။ စစ်ပွဲထဲ အသက်ပေးလိုက်ရသည့် စစ်သူကြီးများ၏ အမည်နာမများအား ကမ္ဗည်းကျောက်တိုင်များပေါ်၌ ရေးထွင်းဂုဏ်ပြုထားပေ၏။ သို့သော် သမိုင်းစာအုပ်များအားလုံးအား လှန်လှောလိုက်လျှင် "ယွင်သွမ့်ဟွန်" ဟူသည့် အမည်နာမကို တွေ့ရှိရမည်မဟုတ်ပါ။ ကျော်ကြားလှသော တာ့မင်ဝမ်ဟူသည့် အမည်မှာ တရားဝင်သတ်မှတ်ထားခြင်းမရှိသည့် သမို်င်းစာအုပ်များနှင့် လမ်းပေါ်မှ တံငါသည်အိုများ၏ ပါးစပ်များမှသာ ရံဖန်ရံခါ ကြားရနိုင်ပေသည်။

Tu Fei Gong LueWhere stories live. Discover now