အပိုင်း - ၁၀၂ ( ကျောက်စိမ်းပန်းနွယ်ပမာ တင့်တယ်ချောမောလှစွာသော ခေါင်းဆောင်ကျောက်)

3.3K 630 125
                                    

အပိုင်း - ၁၀၂ ( ကျောက်စိမ်းပန်းနွယ်ပမာ တင့်တယ်ချောမောလှစွာသော ခေါင်းဆောင်ကျောက်)

(ဒီရက်ပိုင်း ရွှေမြို့တော်ထဲ ရုတ်ရုတ်သဲသဲ ဖြစ်နေတယ်)

ညီလာခံတည်းဟူသောရေပြင်ထဲ ငါးများပမာ ကျင်လည်စွာကူးခတ်နိုင်သူများမို့ မှူးမတ်အရာရှိများမှာ ပေါ့လျော့စွာ တွက်ဆတတ်သူဟူ၍ မရှိကြပါ။ ဝမ်းလျိုနျဲန်မှာ ရွှေမြို့တော်၏ အဝေးတစ်နေရာ၌ ခုနစ်နှစ်ခုနှစ်မိုးကြာအောင် ရောက်ရှိနေကာ ယခုအချိန်၌လည်း တရားဝင်ရာထူး ရှိမနေသေးပါ၊ သို့သော်ငြား ဘုရင့်သက်တော်စောင့်တပ်ဖွဲ့၏ခေါင်းဆောင် ချိန့်လျဲ့ကိုယ်တိုင် ထိုသူအား ရွှေမြို့တော်သို့ ပြန်ခေါ်လာခြင်းဖြစ်ပေ၏။ ထို့ကြောင့် ဝမ်းလျိုနျဲန်အား ခန့်အပ်မည့့် ရာထူးဌာနန္တရမှာ သိသာထင်ရှားနေလှရာ လမ်းပေါ်ထွက်လျှောက်လိုက်ရုံနှင့် သိပ်မကြာလိုက်ပါချေ၊ "လမ်းကြုံဖြတ်သွား၍ မတော်တဆတွေ့လိုက်သောကြောင့်"ဟူသော အကြောင်းပြချက်ဖြင့် မှူးမတ်ခုနစ်ယောက်ရှစ်ယောက်ခန့် ဝိုင်းအုံလာတတ်သည်။ အချို့က ဝေါယာဥ်နှင့်လာကာ အချို့က မြင်းစီး၍ လာ၏။

အချို့ကမူ ခြေကျင်နှင့်ပင် အပြေးအလွှားရောက်လာကာ ဟောဟဲလှိုက်နေတတ်ခဲ့ကာ  အကုန်တူညီသောအချက်တစ်ခုမှာ စိတ်အားထက်သန်စွာ ပြုံးပြနှုတ်ဆက်လာခြင်းပင်။ ထို့အပြင် ဝမ်းလျိုနျဲန်၏ လျင်မြန်ထက်မြက်လှသော ဉာဏ္ပညာကိုပါ ချီးကျူးလာကြကာ ဘေးနားရှိ ခေါင်းဆောင်ကျောက်ကိုပါမချန် ချီးကျူးလာကြသည်။ ခေါင်းဆောင်ကျောက်မှာ အရပ်အမောင်းမြင့်ကာ ခါးထက်တွင်လည်း ဓားချိတ်ထားသဖြင့် ကြမ်းတမ်းခက်ထန်ဟန်ရသော်ငြား ထိုမှူးမတ်တို့မှာ မှူးမတ်လောကထဲ နှစ်ပေါင်းကြာရှည်စွာ ကျင်လည်လာသူများဖြစ်ကြရာ မျက်လုံးဖွင့်စရာပင်မလိုပါဘဲ ပေါက်ကရလေးဆယ်စကားများကို တတွတ်တွတ်ပြောနိုင်စွမ်း ရှိကြသည်။ အနှီ "ထူးချွန်ထက်မြက်လှပါပေတယ်" ၊ "ဗဟုသုတကြွယ်ဝလှပါတယ်" ဟူသော စကားများအား တုံ့ဆုင်းလေးလံမှုမရှိ ပြောဆိုနိုင်ကြသည်။

"ဝမ်းဖူးရန်က တကယ်ကိုပဲ ကျောက်စိမ်းပန်းနွယ်ပမာ တင့်တယ်ချောမောလှပါပေတယ်၊ အမတ်မင်းဝမ်းနဲ့ ဝမ်းဖူးရန်တို့ လမ်းလျှောက်ထွက်လာကြတဲ့ပုံပဲနော်"

Tu Fei Gong LueWhere stories live. Discover now