အပိုင်း - ၄၂ { ဝမ့်ချွမ်းသေရည် }

3.9K 810 131
                                    

အပိုင်း - ၄၂ { ဝမ့်ချွမ်းသေရည် }

{ သောက်ပြီးသွားရင် ပျော်ရွှင်မှုရော လွမ်းဆွေးမှုပါ မေ့ပျောက်စေမယ်}

"ခံတပ်သခင်ရှန့် ၊ ကိုယ်ရေးအရာရှိမု။ အပြင်ထွက်ပြီး မုန့်လာစားတာလား"

မုဝန့်လေနှင့် မုဝန့်ရှုန်တို့က သူတို့အား လာရောက်နှုတ်ဆက်သည်။ ရှန့်ယွင်ကျယ်က ဆို၏။

"ရုံးထဲနေရတာ မွန်းကျပ်လို့ လမ်းလျှောက်ထွက်လာတာပါ။ သိပ်မကြာခင်တုန်းက ကျားခေါင်းဂိုဏ်းကိစ္စကြောင့် အမတ်မင်းလည်း သိပ်ပြီး စိတ်မကြည်တာနဲ့ ဝေးဝေးရှောင်နေတာ ပိုကောင်းမလားလို့လေ"

မုဝန့်လေက ဆို၏။

"ကျားခေါင်းဂိုဏ်းက ရင်ဆိုင်ရခက်တာမို့ ကျောက်မုကမ်းပါးကို အရင်ဖြိုတာ ပိုကောင်းပါမယ်။ ကျွန်တော်မျိုးတို့နဲ့ ကျောက်ယွဲ့ကြားက ရန်ငြိုးအာဃာတတွေကို ခဏထား၊ ဓားပြနောက်တစ်ဖွဲ့ကို ချေမှုန်းသုတ်သင်နိုင်မယ့်အရေးမို့ ပြည်သူတွေအတွက် အကျိုးရှိပြီးသားပါ။ အချိန်ရမယ်ဆိုရင် ခံတပ်သခင်ရှန့်နဲ့ ကိုယ်ရေးအရာရှိမုကပါ အမတ်မင်းကို ဖြောင်းဖျတိုက်တွန်းစေလိုပါတယ်"

ဝမ်းလျိုနျဲန်ဘက်မှ ကတိပေးထားပြီးသားဖြစ်သော်ငြား ဆုံးဖြတ်ချက် အတည်မပြုရသေးသ၍ သူတို့ ရတက်မအေးနိုင်သေးပါချေ။

မုချင်းရှန်းက ခေါင်းခါလိုက်၏။

"ကျားခေါင်းဂိုဏ်းကို ကိုင်တွယ်ရတာ ခက်ခဲပေမယ့် ကျောက်မုကမ်းပါးကလည်း ဖြိုရလွယ်နေတာတော့ မဟုတ်ဘူး။ ဒီမြို့ထဲမှာရှိတဲ့လူတွေကို လိုက်မေးကြည့်ရင် ကျောက်ယွဲ့ဆိုတာ သွေးအေးလှပြီး ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်သမားဆိုတာ အကုန်သိကြတာပဲ။ မုဂိုဏ်းချုပ်တို့ အလျင်မလိုလိုက်ကြပါနဲ့ "

"ကောလဟာလဆိုတာ ယုံကြည်စရာတော့ သိပ်မရှိပါဘူး။ ကိုယ်ရေးအရာရှိမု အတွေးများနေပါပြီ"

မုဝန့်လေ၏ စကားကြောင့် မုချင်းရှန်း မျက်မှောင်ကြုတ်သွားသည်။

"ဒီသတင်းက ကောလဟာလပဲဆိုတာကို မုဂိုဏ်းချုပ်ရော ဘာကြောင့်များ အရမ်းသေချာနေတာလဲ။ ကျောက်ယွဲ့က ဘယ်လိုနည်းနဲ့မှ လူကောင်းမဟုတ်ဘူးဆိုတာ ဂိုဏ်းချုပ်တို့ကိုယ်တိုင် ပြောခဲ့တာလေ။ လူသတ်ျာတို့ မီးလောင်တိုက်သွင်းတာတို့ လုပ်ဖူးတယ်ဆို"

Tu Fei Gong LueWhere stories live. Discover now