တစ်ပတ်ခန့်ကြာသော် ....
"အားလျှံသွားချင်တဲ့နေရာကိုယ်လိုက်ပို့ပေးမယ်"
ကားမောင်းနေရင်းနံဘေးမှာတမှိုင်မှိုင်တငိုင်ငိုင်နှင့်ထိုင်နေတဲ့နွေဦးလျှံအားဈာန်လင်းထက်လှမ်းပြောလိုက်သည်။
"ကျွန်တော်ဘယ်မှမသွားချင်ဘူး"
မျက်နှာကိုနည်းနည်းလေးမှမကြည့်တဲ့အပြင်စိတ်မပါစွာနှင့် ဖြေလိုက်ခြင်းကြောင့် ဈာန်လင်းထက် ကားကိုဆက်မောင်းမနေတော့ဘဲလမ်းဘေးထိုးရပ်လိုက်သည်။
"ကိုယ့်ကိုစိတ်ဆိုးနေတာလား"
ပေါင်ပေါ်တင်ထားတဲ့လက်ဖဝါးနုနုအားဈာန်လင်းထက်လှမ်းကိုင်ရင်းမျက်ခုံးလေးပင့်ကာမသက်မသာနှင့်တိုးဖွဖွမေးရှာသည်။
"ခင်ဗျားလုပ်ခဲ့သမျှကိုစိတ်မဆိုးဘဲနေရအောင်ကျွန်တော်ကသောတာပန်လည်းမဟုတ်ဘူး"
ဈာန်လင်းထက်ဆုပ်ကိုင်ထားသော သူ့လက်ကလေးကို အားလျှံ ပြန်လည်ကာဆွဲယူရင်း ဒေါသပို၍မထွက်မိအောင်အောက်နှုတ်ခမ်းကိုဖိကိုက်ထားမိသည်။
"ကိုယ်ချစ်လို့ပါ"
"ချစ်လွန်းလို့ကျွန်တော့်ကိုစိတ်ဆင်းရဲအောင်လုပ်နေတာပေါ့ .... ဟုတ်လား"
မျက်နှာလွှဲနေရင်းမှဈာန်လင်းထက်ကိုစိုက်ကာကြည့်လိုက်ပြီးပခုံးကိုအားနှင့်တွန်းထုတ်ကာမေးလိုက်သည်။
"စိတ်ကောက်တာကချစ်စရာလေး"
တွန်းထုတ်ခံရသည်ကိုပင်ဂရုမစိုက်ဘဲဒေါသထွက်လွန်း၍နီမြန်းနေတဲ့ အားလျှံပါးကိုလှမ်းညှစ်ကာထိုသို့ဆိုလေသည်။
"ကျွန်တော် လင်းဝေဟန်ကိုပဲချစ်တာလေ"
"မပြောနဲ့ .....ဒီစကားမျိုးပြောတာ ဒါနောက်ဆုံးအကြိမ်ဖြစ်ပါစေ နောက်တခါ အားလျှံပါးစပ်က အဲ့ကောင်နာမည်ထွက်မိတာနဲ့ ကိုယ့်အဆိုးမဆိုနဲ့နော်"
ရုပ်တည်နှင့်ပြောလိုက်ကာ ချက်ချင်းမျက်နှာပျက်သွားတဲ့ ဈာန်လင်းထက်ကြောင့် အားလျှံတိတ်ဆိတ်သွားရပြန်သည်။
တကယ်ဆိုဈာန်လင်းထက်စကားတိုင်းကိုသူမငြင်းပယ်ရဲ။
သူကလိုချင်တာကိုရအောင်ယူတတ်တယ်ဆိုတာလည်း အားလျှံ ကိုယ်တွေ့ပဲလေ။