"ကျွန်တော့်ခန္ဓာကိုယ်ကမသန့်ရှင်းတော့ဘူး အကို"
အားတင်းကာထုတ်ပြောလိုက်တဲ့စကားစုလေးတစ်ခုကြောင့် ဝေဝါးလာတဲ့မျက်ဝန်းထဲ မျက်ရည်စတွေတွဲလဲခိုလာပြန်တော့ ခေါင်းငုံ့ကာ ချစ်တဲ့သူ မမြင်အောင် ကြိုးစားရသည်။
ချစ်ရသူရဲ့ တုံ့ပြန်စကားသည် ဘယ်လိုဘယ်ပုံဖြစ်နေပါစေ သူခံယူဖို့ အဆင်သင့်ပြင်ထားပုံပင်။ စိုးရွံ့မှုတွေကတော့ အနည်းအကျဉ်းမဟုတ်။ ခဲဆွဲသလိုလေးလံနေတဲ့ စိတ်ဆန္ဒများလည်း ပြည့်လျှံနေသည်။
"ကိုယ်သိတယ်။ ကိုယ်အားလုံးသိပြီးပြီ။ ကိုယ်အဆင်ပြေတယ်။ အားလျှံသာကိုယ့်ဆီပြန်လာခဲ့လိုက်ပါ"
လင်းဝေဟန် အားလျှံရဲ့ လက်ဖဝါးနုနုအား ခပ်ဖွဖွဆုပ်ကိုင်ရင်း ယိုင်နဲ့နဲ့ အသံနေအသံထားနှင့်ဆိုလာသည်။
ခေါင်းငုံ့ကာငြိမ်နေတဲ့ကောင်ငယ်လေးမှာလည်း မျက်ရည်စတွေကို အကြမ်းပတမ်းဖိသုတ်ကာ လင်းဝေဟန်ကို မဝံ့မရဲ မော်ကြည့်သည်။ သူ့မျက်ဝန်းဝိုင်းဝိုင်းထဲ မျက်ရည်စတွေနဲ့ အတူ အံ့အားသင့်မှုများလည်း ရောယှက်ကာနေသည်။
မငိုမိအောင်ထိန်းထားဟန်ပေါ်နေတဲ့ လင်းဝေဟန် တစ်ယောက်သည်လည်း အားလျှံ က သူ့အရှေ့မှာ ရှိနေပြန်တာမို့ မပြိုလဲဝံ့ပုံပင်။
"ကျွန်တော် ဈာန်လင်းထက်နဲ့"
"ကိုယ် အားလုံးကိုခွင့်လွှတ်တယ်။အားလျှံဘာပဲဖြစ်နေဖြစ်နေ ကိုယ်ချစ်တာတယ်။ သန့်စင်သည်ဖြစ်စေ၊ညစ်နွမ်းသည်ဖြစ်စေ ကိုယ် လက်ခံပါတယ်။ကိုယ့်ဆီကိုသာပြန်လာခဲ့ပါနော်"
လင်းဝေဟန်နားလည်ပေးလေလေ အားလျှံမှာလိပ်ပြာမလုံဖြစ်ရလေလေပါပဲ။
ဒီလိုနားလည်မှုအပြည့်အဝပေးနိုင်တဲ့လူကိုမှလုံခြုံမှုလေးမပေးနိုင်ရကောင်းလား ဆိုတဲ့ မေးခွန်းကို တွေးရင်းသူစိတ်မချမ်းမြေ့ဖြစ်ရပြန်သည်။
လှမ်းကာဆွဲထားတဲ့လက်ကလေးကိုတုန်လှုပ်မှုအပြည့်နဲ့လွှတ်ချရင်း
"ကျွန်တော့်ရဲ့အခုအခြေအနေနဲ့အကို့ကိုချစ်ဖို့တောင်မတန်သလိုခံစားရပါတယ်"
![](https://img.wattpad.com/cover/271116077-288-k928669.jpg)