ပေါင်မုန့်ထောပတ်သုတ်နှစ်ချပ်နှင့်ကြက်ဥ Half Boil တစ်လုံးကိုပန်ကန်ပြားထဲအကျအနထည့်ထားလျက်။
အခွံခွားပြီး အသေအချာလှီးထားသည့် ငှက်ပျောသီးပန်းကန်နှင့်အတူထောပတ်သီးဖျော်ရည်တစ်ခွက်သည်လည်းအဆင်သင့်။
"ဒါတွေအကုန်ကျွန်တော်စားရမှာလား"
စားပွဲပေါ်မှ စားသောက်ဖွယ်ရာများအား ထိုင်ကာတအံ့တဩကြည့်ရင်း ခင်ပွန်းသည်ကို အော်ကာမေးလေသည်။
"အင်း ကိုယ် စောစောစီးစီးထပြီးပြင်ဆင်ထားတာ"
"ဒီလောက် အီဆိမ့်နေတာတွေကိုကျွန်တော်ကဘယ်လိုလုပ်ကုန်အောင်စားရမှာလဲ"
မျက်ခုံးကိုတွန့်ချိုးကာမကျေမနပ်နှင့်ဈာန်လင်းထက်အားစိုက်ကြည့်ရင်းပြောတော့
"နေ့တိုင်းဒီလိုပုံစံပဲစားရမှာ"
ဈာန်လင်းထက်က ထိုသို့ဆိုလေသည်။
"ဟမ် ကယ်လိုရီများတာတွေကိုနေ့တိုင်းကျွေးပြီးကျွန်တော့်ကိုဝိတ်တက်အောင်လုပ်နေတာလား"
"မဟုတ်ပါဘူး ကိုယ်တို့ကလေးရအောင်လုပ်နေတာပါ"
ဈာန်လင်းထက်စကားကြောင့်နံဘေးဥရပ်နေသည့် ကြီးကြီးဝေပင် မျက်လုံးပြူးသွားရသည်။
"ဟမ် ဘယ်လို ဘယ်လို"
အားလျှံ သူ့နားပင်သူမယုံစွာပြန်မေးလိုက်တော့
"မနက်စာကိုကယ်လိုရီများတာတွေစားရင်သားယောက်ျားလေးရတယ်တဲ့။ကိုယ် Google မှာ ရှာထားတာ"
ဈာန်လင်းထက်ခေါင်းကုတ်ကာ ဖြေရှာသည်။
ဘေး၌ကြီးကြီးဝေလည်းရှိနေသည်မို့ သူ့ကြည့်ရပုံအနည်းငယ်ရှက်နေဟန်ပင်။
"ကိုကို က ဘာမှမလုပ်ဘဲ ကျွန်တော်ကဒါတွေစားနေလည်းအလကားပဲလေ"
အားလျှံ၏ ရှင်းလင်းလွန်းသည့်အဖြေကြောင့်ကြီးကြီးဝေပင် မီးဖိုချောင်ထဲပြေးဝင်ကာရယ်မိသည်။
သို့ပေမယ့်လည်း တစ်ယောက်သောသူသည်ကား နားလည်ဟန်ပင်မပေါ်။
"ကိုယ်ဘာလုပ်ပေးရမှာလဲ အားလျှံ"
ခုံးကိုဆွဲယူကာအားလျှံနံဘေး၀င်ထိုင်ရင်းလက်ကလေးအား ခပ်ဖွဖွဆုပ်ကိုင်ကာမေရှာသည်။