ငါးနှစ်ခန့်ကြာသော် .....
မွေးရပ်မြေအား ငါးနှစ်တာမျှသူစိမ်းဆန်ဆန်စွန့်ခွာခဲ့သူ၏ အိမ်အပြန်ခရီးသည် လူပိုတွေနှင့်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မိမိအိမ်သို့တိတ်တဆိတ်ပြန်ခဲ့သည်မို့ လာကြိုမည့်သူမရှိ။
"ဒီအိမ်လား ဗျာ့"
တက္ကစီဆရာသည် ထိုသို့မေးခွန်းထုတ်၍ ခြံအရှေ့၌ ကားကိုထိုးရပ်လိုက်တော့မှ ခေါင်းငြိမ့်ပြရင်း ကားခ ရှင်းရသည်။
အသက်သုံးဆယ်မဆိုသလောက်ကလေးသာ ကျော်သေးသည့် ကလေးအဖေဖြစ်သော်လည်း လူပျိုလူလွတ်ဟု ပင်ထင်ရက်နိုင်သည်။
"ပါပါး ဝင် ... ဝင်"
ခြံအရှေ့ရပ်ကာတွန့်ဆုတ်နေသည့်အဖေဖြစ်သူအား အတင်းဝင်ခိုင်းရှာသူက လေးနှစ်အရွယ်ကလေးငယ်လေးပင်။
ခြံတံခါးသည်ဖွင့်လျက်သားမို့ အသံမပေးဘဲ အိမ်ထဲသို့ဝင်လာလိုက်ကြသည်။
အိမ်ထဲရောက်ရောက်ချင်းပင်တိုက်တိုက်ဆိုင်ဆိုင်ပင်ဧည့်ခန်းထဲရှိနေကြသည့်အဖေနှင့်အမေ။
"အဖေ အမေ"
အားတင်းကာခေါ်လိုက်သည့် အားလျှံ၏ ခေါ်သံ။
အခေါ်ခံရသည့် အဖေနှင့်အမေမှာ တအံ့တဩနှင့် မယုံနိုင်စွာ လှမ်းကြည့်ကြရင်းအနားကပ်လာကြလေသည်။
"ဟင် ..အမေ့သားလေး"
အမေ အတင်းဆွဲ ဖက်ကာ ရင်ခွင်ထဲရှာသည်။
ငါးနှစ်ဟူသည့် အချိန်သည် လက်ချိုးရေ၍သာလွယ်ကူသည်။ သားဖြစ်သူထွက်သွားကတည်းက နေ့စဉ်နှင့်အမျှ ရင်တမမနှင့် စိတ်ပူလျက်။
"ပါပါး ..."
နောက်မှ၀င်လိုက်လာသည့် ကလေးငယ်က ထိုသို့ခေါ်လိုက်ခြင်းကြောင့် အဘိုးနှင့်အဘွား၏ အကြည့်တို့သည်မြေးထံရောက်သွားရသည်။
"ဘိုးဘိုး နဲ့ ဘွားဘွား ကို နှုတ်ဆက်လိုက်ဦးလေ"
အဖေဖြစ်သူစကားကြောင့်
"သားက အဲလက်စ်ဈာန် ..."
"သားက အဲလက်စ်လျှံ ..."