"ငါ ဟိုတယ်အရှေ့ရောက်နေပြီ ကွ"
ညဖက်ထားဝယ်မြို့၏ အစည်ကားဆုံးသောညဈေးကိုလိုက်ပို့ပေးပါ့မယ်ဟုကတိပေးထားသည့်ဇေယျာ ဖုန်ဆက်လာသည်။
သို့ဖြစ်၍ ဈာန်လင်းထက်နှင့် အားလျှံလည်း ဟိုတယ်အရှေ့လျှောက်ကာလာရသည်။
"ဒါငါ့ခင်ပွန်းလေ ဒေါက်တာနွေဦးလျှံ"
ဈာန်လင်းထက် အားလျှံပခုံး လှမ်းဖက်ရင်း သူငယ်ချင်းအားမိတ်ဆက်ပေးသည်။
"ကျွန်တော်က ဈာန်လင်းထက်သူငယ်ချင်း ဇေယျာမင်းသူပါ။တွေ့ရတာ၀မ်းသာပါတယ်"
အချင်းချင်းအပြန်အလှန်မိတ်ဆက်နေစဉ်
"ပါပါး ...."
ခပ်လှမ်းလှမ်းမှ ကြက်တောင်စည်းနှင့်ကလေးနှစ်ယောက်သည် ဇေယျာအားလှမ်းခေါ်လိုက်သည်။
ဇေယျာလည်းအနောက်လှည့်ကြည့်ပြီးနောက်
"အဲတာ ငါ့သမီးနှစ်ယောက်လေ ..." ဟု ပြုံးကာပြောလာသည်။
ကားအနားရောက်မှ ဇေယျာ့ဇနီးက နှုတ်ဆက်သည်။
"ဦးဦး ...."
အငယ်မလေးသည် အားလျှံ၏လက်ကိုလှမ်းဆွဲကာ မျက်နှာချိုသွေးရင်း နှုတ်ဆက်သည်။ ကလေးလေးများသည်ပင် နွေးနွေးထွေးထွေးဆက်ဆံကြသည်။
ဟိုတယ်မှ ထွက်ခွာလာစဉ် ကားအနောက်ခန်း၌ ဈာန်လင်းထက်တို့နှင့် ကလေးနှစ်ယောက် အတူထိုင်လျက်။
အားလျှံအနားသာအတင်းကပ်နေရှာသည့် ကလေးနှစ်ယောက်အားမိဘတို့လည်း ဘယ်လိုမှ တားမရ။
"သမီးနှစ်ယောက်ကအမွှာလား ကိုဇေယျာ"
အားလျှံ ကလေးနှစ်ယောက်အားဖက်ရင်း မေးသည်။
"တနှစ်ကြီးတနှစ်ငယ်တွေ။ သုံးနှစ်ကတစ်ယောက် လေးနှစ်ကတစ်ယောက်"
ကလေးနှစ်ယောက်စလုံး အသားဖြူဖြူဖွေးဖွေးလေးတွေမို့ သနပ်ခါးနှင့်အတော်ချစ်ဖို့ကောင်းနေရှာသည်။
ဂါဝန်အဖြူလေးနှင့်ဆံပင်ကိုကြက်တောင်စည်းထားသည်။
"သမီးနာမည်ကဘယ်လိုခေါ်လဲ"