ခရီးသွားခါနီး အိမ်ရှေ့တံခါးဝ၌ ပျော့ဖတ် ငုတ်တုတ်ထိုင်နေသူကြောင့် ဈာန်လင်းထက် အိမ်ထဲမှလှမ်းကြည့်ရင်း စိတ်ပူမိပြန်သည်။
စိတ်အဖုအထစ်ဖြစ်နေလျှင်ပင် သူမနေတတ်သူမို့ ခပ်သွက်သွက် အနားနားကပ်သွားကာ
"အားလျှံ ဘာဖြစ်လို့လဲ"
လက်ကလေးအား ခပ်ဖွဖွလှမ်းကိုင်ရင်းမေးလိုက်မိသည်။
မြတ်နိုးရသူ၏ မျက်နှာလေးကို တစ်ချက်ကလေးပင်သူအညှိုးမခံနိုင်။
"ဒီဖိနပ်မစီးချင်ဘူး"
အားလျှံ သူ့အရှေ့မှာရှိနေသည့် ဖိနပ်ကို ခြေချောင်း သေးသေးလေးများနှင့် မထိတထိလှမ်းကန်ရင်း မျက်ခုံးလေး အလယ်စုကာ တွန့်ချိုးရင်း ပြောရှာသည်။
"တခြားဖိနပ်တွေ ကိုယ်သွားယူလာပေးရမလား။
အားလျှံကြိုက်တာရွေးလေ နော် ....""ဟင့်အင်း ကျွန်တော်ဘာတစ်ခုမှမစီးချင်ဘူး"
ခေါင်းလေးကိုသာ ခါယမ်းရင်း ငြင်းရှာသည်။
အခုတလော အနှီကောင်လေး စိတ်အခြေအနေ အဆင်မပြေသည်ကို ဈာန်လင်းထက် သတိထားမိသည်။ လေသံကြမ်းကြမ်းနှင့်ပင်မပြောရက်။
"ကိုယ့်ဖိနပ်စီးမလား။အားလျှံ ကြိုက်တာယူစီးလေ"
"ဆိုဒ်မှမတူတာကို တမင်တကာရွဲ့ပြောနေတာမလား"
"မဟုတ်ရပါဘူး ကိုယ်တောင်းပန်ပါတယ်"
ဈာန်လင်းထက်တောင်းပန်စကားဆိုနေသော်လည်း
အားလျှံသည်ကား ခပ်ဖွဖွဆွဲထားသည့်ဈာန်လင်းထက်၏ လက်ကို ပုတ်ချကာ အပေါ်ထပ် ပြန်တက်သွားလေသည်။သူ့ကိုများစိတ်ဆိုးသွားလေသလား ....
ဈာန်လင်းထက် စိတ်ပူမိသည်မှာအမှန်ပင်။
အားလျှံ စိတ်ဆိုးလျှင် ဈာန်လင်းထက် ခမျာ အသက်ရှူဖို့ပင် လိပ်ပြာမလုံနိုင်။ တနေကုန် တနေခမ်း အနားနားကပ်ရင်း အဆင်ပြေတဲ့ အထိချော့နေတတ်သူပင်။
"အားလျှံ"
ဈာန်လင်းထက် အိပ်ခန်းတံခါးကိုဖွင့်ကာ ဝင်လိုက်တော့ အားလျှံက ကုတင်အောက်၌ နှစ်အတော်အတန်ကြာအောင်မထုတ်ဖြစ်ဘဲပစ်ထားသည့် ဖိနပ်ကိုထုတ်ကာ ယူစီးနေလေသည်။