"ကိုဈာန်အလုပ်ရှိရင်ပြန်နှင့် ကျွန်တော် အားလျှံကိုစောင့်နေပေးမယ် "
မတော်တဆ ခေါင်းထိကာ သတိမေ့နေသည့် အားလျှံကို ဈာန်လင်းထက် တနေကုန်ထိုင်စောင့်နေသဖြင့် လင်းပြည့်ထိုသို့ဆိုရခြင်းဖြစ်သည်။
"သူနိုးလာတာကိုစောင့်ချင်လို့"
အသံခပ်တိုးတိုးနှင့်ဖြေသည်။ သူ့လက်ထဲမှာတော့ ခြစ်ရာဗလာပွဖြစ်နေသည့်အားလျှံ လက်ကလေးကို အသေအချာပင် ဆုပ်ကိုင်ထားလျက်သား။
"နိုးမှာမဟုတ်သေးဘူး ခဏနေဝေယံ လည်းလာမှာ ကိုဈာန် နည်းနည်းပါးပါးအနားယူပါဦး "
သတိမေ့နေသည်က တစ်ရက်ကျော်ကျော်ကြာပြီ။ အခုထိနိုးမလာသေးသည်မို့ ဈာန်လင်းထက်တစ်ယောက်အနားမှ မခွာနိုင်ဖြစ်နေခြင်းပင်။
"ဒါဆို ကိုယ် Bar ခဏသွားလိုက်ဦးမယ်။ လစာထုတ်ရက်ဆိုတော့ မပြန်လို့်ဖြစ်ဘူး။ အားလျှံကို ဂရုစိုက်ပေးပါဦး"
" ဟုတ်ကဲ့ဗျ "
သို့ဖြစ်၍ ဈာန်လင်းထက်လည်း လူနာအခန်းအတွင်းမှထွက်ရန်ပြင်ရလေသည်။ အမှန်ဆိုမနေ့ကတည်းက သူ့မှာ ရေပင်မချိုးရသေးပေ။
ဈာန်လင်းထက် အခန်းထဲမှ ထွက်သွားပြီးပြီးချင်းမိနစ်အနည်းငယ်အတွင်းမှာပင်အားလျှံက နိုးလာလေတော့သည်။
" ဖြည်းဖြည်း ."
လင်းပြည့် အားလျှံကိုထူပေးသည်။
"ငါနိုးတာကြာပြီ တမင်မထချင်လို့ အိပ်နေတာ"
အားလျှံ ကုတင်ခေါင်းရင်းတွင် ခေါင်းအုံးကိုမှီကာ ထိုင်သည်။
ခေါင်းကို ခပ်ဖွဖွဖိကိုင်ရင်း တကျွတ်ကျွတ်နှင့်ညည်းညူလိုက်သေး၏။
" ခေါင်းကိုက်နေတာလား "
" နည်းနည်းပဲ "
"အခုနလေးတင် ကိုဈာန် ပြန်သွားတာ"
လင်းပြည့်၏ အသိပေးစကားကို
"သိတယ် သူရှိနေလို့ တမင်မထဘဲ အိပ်နေတာ"
ဆိုပြီး မျက်နှာပျက်ကာဖြေလေသည်။
အားလျှံအဖြေကြောင့် လင်းပြည့်ပင် ဟင်ခနဲဖြစ်သွားရသည်။