ညစာစားပြီးနောက် ညကိုးနာရီကျော်ကျော်လောက်အထိ ဖြူလွှလွှသဲမြေပေါ်၌ ဂီတာတီးသီချင်းဆိုကာအချိန်ကုန်ခဲ့ကြသည်။
နက်နက်ရှိုင်းရှိုင်းပင်လယ်ကြီး၏ညှို့ဓာတ်နှင့်အတူလမင်းကြီးသည်လည်းဆွဲငင်ကာ အလွန်ပင်ပနံသင့်လေသဖြင့် ဒီရေဟူသည့် အချစ်တစ်ခုဖြစ်တည်လာပြန်သည်။
ရေတက်လာသဖြင့် ကောင်လေးနှစ်ယောက်သည်လည်း ဘန်ဂလိုပြန်လာခဲ့ကြသည်။
Air-con မပါသည့် ဘန်ဂလိုဖြစ်သဖြင့် ကောင်ငယ်လေး အနေခက်မှာ ဈာန်လင်းထက်တကယ်ပင် စိုးရိမ်လျက်။
"အားလျှံပူနေလား"
"မပူပါဘူး"
ကုတင်ခြေပေါ်နှစ်ယောက်အတူထိုင်ကာ တယုတယမေးလာသူအား တနွေးတထွေးပြန်ဖြေရှာသည်။
"အားလျှံ"
မဝံ့မရဲခေါ်လိုက်သည်။ အသံသည်ကား အနည်းငယ် တုန်ရီကာ။
"ဗျာ ...."
မျက်တောင်တဖြတ်ဖြတ်ပုတ်ခတ်ကာ မျက်လုံးလှလှလေးများ ထင်ပေါ်စေရန်ကြွားဝါနေသယောင်။
"ကိုယ်တို့ ဒီညအတူတူအိပ်လို့ရလား။"
သူ့မေးခွန်းအားမဖြေခင် ကောင်ငယ်လေး စိုက်ကာကြည့်လာသဖြင့် ဈာန်လင်းထက် အသက်ရှူနှုန်းပင်မူမမှန်။ ခြေဖျားလက်ဖျားတို့သည်လည်းအေးတိအေးစက်နှင့်။