ဒီလိုပါပဲ ကျွန်တော် နဲ့ သူ နဲ့ မေးထူးခေါ်ပြောမရှိတာ တစ်ပတ်လောက်ကြာသွားခဲ့တယ်။
သူ့ဘက်ကတော့ တစ်ခါမှ အပြောအဆိုမရှိခဲ့တာ ပုံမှန် ကိစ္စတစ်ခုဆိုပေမယ့် ကျွန်တော်ကတော့ဘယ်ကနေဘယ်လိုစပြောရမယ်ဆိုတာ စကား အစအနတောင်ရှာမတွေ့ခဲ့ဘူး။
ကျွန်တော်ဒီလိုဖြစ်နေတာကသူ့အတွက်အတော်သက်သောင့်သက်သာရှိမယ်ထင်ပါတယ်။အစကတည်းကလည်း အားလျှံက ကျွန်တော့်အသံမကြားရလေလေသူ့အတွက်အဆင်ပြေလေလေပဲမဟုတ်လား။
ဒါပေမယ့်လည်း မနေနိုင်မထိုင်နိုင် ကသိကအောင့် ဖြစ်တဲ့သူက ကျွန်တော်ပါပဲ။ဒါကြောင့် အသိတရား ကင်းမဲ့စွာနဲ့ သူ့ကိုစကားပြန်သွားပြောခဲ့မိတယ်။
"အားလျှံ ..."
သူကစာလုပ်နေရင်းကနေမျက်နှာမော်လာပြီးမေးဆတ်ပြတယ်။
"ဘာပြောမလို့လဲ" ဆိုတဲ့သဘောကိုပြတဲ့အကြည့်မျိုးနဲ့။
"ဟိုတနေ့က ကိစ္စအတွက် ကိုယ်အနူးအညွတ်တောင်းပန်ပါတယ်။ကိုယ်လွန်သွားတာမို့ ခွင့်လွှတ်ပါနော်"
"မလိုဘူး ...ရတယ်"
"ကိုယ် တို့ အပြင်မှာ ညစာ သွားစားကြမလား"
ခြောက်လကျော်ခုနှစ်လနီးပါးအိမ်ထောင်သက်တမ်းမှာကျွန်တော်နည်းမျိုးစုံနဲ့အပြင်အတူသွားရအောင်ခေါ်နေခဲ့ပေမယ့် သူ့ဆီက အငြင်းကိုသာရခဲ့တယ်။
အခုတစ်ခေါက်လည်းအငြင်းခံရမယ်ဆိုတာသိထားလျက်နဲ့ သွားမေးမိတဲ့ ကျွန်တော်ပါ။ ကျွန်တော့်ရည်ရွယ်ချက်ကတော့ သူနဲ့အတူ အချိန်ဖြုန်းချင်မိရုံ။
"ကျွန်တော်စာတမ်းပြုစုနေတယ်လေ။ခင်ဗျားမမြင်ဘူးလား"
"တစ်ခါတလေလေး အားလျှံကိုစိတ်သက်သောင့်သက်သာဖြစ်စေချင်လို့အပြင်သွားဖို့ခေါ်တာပါ"
"ခင်ဗျားမရှိရင်စိတ်သက်သောင့်သက်သာဖြစ်တယ်"
"အားလျှံ ...."
ကျွန်တော့်ရင်ထဲ စစ်ခနဲနေအောင် စူးနစ်နစ်နဲ့ပါ။
အမှားတွေချည်းသက်သက်ရွေးလုပ်ခဲ့တဲ့ အပြစ်တွေကို အားလျှံက အစုလိုက်အပြုံလိုက် ဒဏ်ခတ်နေသလိုကြီး။
![](https://img.wattpad.com/cover/271116077-288-k928669.jpg)