မနက်ခင်း အလင်းရောင်ပျို့ရုံသာရှိသေးသည်။အိပ်ရာမှကပြာကယာပြေးထသည့်သားဖြစ်သူကြောင့် အမေဖြစ်သူစိတ်မကောင်းဖြစ်ရသည်။
နေ့တိုင်းအိပ်ရာထတိုင်း သူ့နံဘေး အားလျှံရှိမနေလျှင် ပြာပြာသလဲလဲနှင့် တအိမ်လုံးအနှံ့အော်ခေါ်ရင်းလိုက်ရှာတတ်သည့် ဈာန်လင်းထက်သည် ထို့နေ့မနက်၌ အနည်းငယ်တိတ်ဆိတ်လျက်။
"ဘယ်သွားမလို့လဲသား"
လူမှန်းသိတတ်စအရွယ်ကတည်းက လက်ညှိုးညွှန်ရာရေဖြစ်အောင်ဖြည့်ဆည်းပေးခဲ့သည့်အမေသည် တောင်းတစရာမလိုဘဲ ပြည့်စုံသည့်ဘဝ၌ နေခဲ့ရသည့်တစ်ဦးတည်းသောသားအတွက် ပူပင်သောကရောက်နေရသည်။
"အားလျှံ ဆီ"
ဈာန်လင်းထက်၏ခြေလှမ်းသွက်သွက်တို့သည် ခပ်ကျဲကျဲပင်။အိမ်တံခါးမ အဝသို့ရောက်ချိန်၌
"နေပါဦးသားရယ်။အားလျှံကိုအချိန်နည်းနည်းလောက်ဖြစ်ဖြစ်ပေးလိုက်ပါ။အခုသူကသားကိုစိတ်ဆိုးနေတုန်းလေ။သားသူ့ဆီသွားလိုက်ရင်စိတ်ဆိုးမပြေသေးတော့သားကိုပိုစိတ်ဆိုးမှာပေါ့"
ဈာန်လင်းထက်လက်အားလှမ်းဆွဲရင်း အမေဖြစ်အကြံပေးရှာသည်။
"သား ရှင်းပြချင်ရုံပါ"
"နောက်မှရှင်းပြလည်းရရဲ့သားနဲ့ကွယ်"
အမေ့စကားကိုသူနည်းနည်းလေးမှအရေးမစိုက်နိုင်။ဈာန်လင်းထက် ဟူသည် သူ့စိတ်ဆန္ဒမှလွဲ၍ ဘယ်အရာကိုမှဂရုစိုက်တတ်သူမဟုတ်ကြောင်း အမေသိနှင့်ပြီးသားဖြစ်သဖြင့် အထူးတလှည် ဆူနေစရာပင်မလို။
သူလုပ်ချင်ရာကိုသာ တဇွတ်ထိုးလုပ်တတ်သည့် ခပ်ဆိုးဆိုးကောင်လေးသည် ပိုင်ဆိုင်လိုစိတ်လေးတစ်ခုတည်းနှင့် ရူးရူးမိုက်မိုက်ဆိုးခဲ့ခြင်းပင်။ ဘာဆိုဘာမှဂရုမစိုက်နိုင်ဘဲ အချစ်တစ်ခုတည်းကိုသာ အဓမ္မလုပ်ယူခဲ့သူ။
သို့သော်လည်း သူပေးခဲ့ဖူးသမျှအချစ်တို့သည်ကားစစ်မှန်ခြင်းအပြည့်အ၀နှင့် မြတ်နိုးမှုတို့အနားကွတ်ထားခြင်းသာ။
"အားလျှံ"
အိမ်ထဲရောက်ရောက်ခြင်းသူအော်ခေါ်သည်။