"အမေရေ ...."
ခါတိုင်းကဲ့သို့ပင် အားလျှံအိမ်သို့ ဈာန်လင်းထက်ရောက်ချလာကာ အိမ်အရှေ့တံခါးအဝ၌ရပ်၍ ယောက္ခမဖြစ်သူအား ခေါ်အော်နေခြင်းဖြစ်သည်။
အားလျှံကသာကွာရှင်းစာချုပ်၌လက်မှတ်ထိုးခဲ့သည်။
ဈာန်လင်းထက်သည်ကား ယခုအချိန်ထိလက်မှတ်မထိုးသည့်အပြင် ဘယ်သူမေးမေး"အားလျှံ ဩဇီမှာကျောင်းသွားတက်နေတယ်"
ဟုသာဖြေတတ်သည်။
သို့ဖြစ်၍ အားလုံးအမြင်၌ ဈာန်လင်းထက်နှင့် နွေဦးလျှံသည်တရား၀င် အိမ်ထောင်ဖက်များဖြစ်နေကြဆဲပင်။
ဈာန်လင်းထက်သည်လည်း ယောက္ခထီးရော ယောက္ခရော ကိုပါ အဖေအမေကဲ့သို့ အသေကပ်ထားသည်။
ဈာန်လင်းထက်သည် အားလျှံ၏အိမ်သို့ တပတ် ဆယ်ရက်ကြာ တစ်ခါ၊ တစ်ခါတစ်လေ သုံးလေးရက်ကြာတစ်ခါ မဖြစ်မနေအရောက်လာတတ်သည်။
ထိုသို့ခဏခဏလာနေခြင်းသည် အားလျှံပြန်ရောက်လာခဲ့လျှင် မိဘများက ပြန်လည်သဘောတူပေးရန်နှင့် အမြင်မကြည်မှုအပေါင်းအား သင်ပုန်းချေပေးနိုင်ရန်အတွက်ဖြစ်သည်။
အိမ်လာတိုင်းလည်း အားလျှံအကြောင်း တဖွဖွမေးနေတတ်သည့် အပြင်၊ဖြစ်ခဲ့သမျှပြဿနာတို့အား အစအဆုံးပြန်ပြန်ပြော၍ တောင်းပန်တတ်သဖြင့် မိဘများကပင် ထိုအကြောင်းအရာတိုင်းအား အလွတ်ရနေကြလေပြီ။
နောက်ဆုံး အားလျှံ၏အိပ်ခန်းထဲ မင်္ဂလာဓာတ်ပုံချိတ်သည်ကိုပင် အပြစ်မမြင်ကြတော့သည်အထိပင်။
ဖား မင်းသားလေးဈာန်လင်းထက် ဉာဏ်ကောင်းလွန်းခဲ့သည်။
ယခုသည် သူ့ခေါ်သံကြောင့် ဒေါ်မေမေဦး အိမ်ထဲမှ အပြေးထွက်လာရသည်။
"သားဈာန်ကလည်းဝင်လာလိုက်တာမဟုတ်ဘူး"
"ကျွန်တော်က အမေတို့ မရှိဘူးထင်လို့"
"ဒါနဲ့ မင်းအဖေ ဆီလာတာလား"
"ဟုတ်တယ် အမေ အလုပ်ကိစ္စလေးနည်းနည်းပြောစရာရှိလို့"
"လာ သား အမေ သားကို ပြစရာရှိတယ်။ခဏစောင့်"
ဈာန်လင်းထက် ခေါင်းတငြိမ့်ငြိမ့်နှင့်ကျန်ခဲ့ရသည်။