"ကြီးကြီးဝေ ကိုကိုကရော"
မနက်အိပ်ရာနိုးနိုးချင်းအောက်ထပ်သို့အလန့်တကြားနှင့်ပြေးဆင်းလာကာ မေးလာသည့် အားလျှံ၏ မေးခွန်းကြောင့် ကြီးကြီးဝေပင် လန့်ရသည်အထိ။
"မနက်ကအစောကြီးထွက်သွားတယ် အားလျှံ"
ကြီးကြီးဝေအဖြေကြောင့် အားလျှံဒေါသအနည်းကျဉ်းထွက်သွားမိသည်။
ခါတိုင်းအိပ်ရာနိုးနိုးချင်း "အားလျှံ" ဟုမထူးမချင်းအော်ခေါ်တတ်သူသည် ညနက်မှအိမ်ပြန်ရောက်လာသည့်အပြင် မနက်ရောက်ပြန်တော့လည်းအစောကြီးထွက်သွားသည်။
အားလျှံအောက်နှုတ်ခမ်းကိုသာဖိကိုက်ရင်းငေးငိုင်နေမိသည်။
"ဘယ်သွားလဲဆိုတာပြောသွားလားကြီးကြီးဝေ"
"မပြောသွားဘူး အားလျှံရဲ့"
အားလျှံဘာမှဆက်ပြောမနေတော့ဘဲအပေါ်ထပ်သာပြန်တက်လာခဲ့တော့သည်။
««««««««««««««««««««»»»»»»»»»»»»»
"လမ်းမှားရောက်လာတာလား"
အားလျှံ အိမ်ထဲဝင်ဝင်ချင်းပင် ဝေယံလှမ်းကာ စသည်။
သူစနောက်ကာမေးလိုက်သော်လည်း အားလျှံသည်ကား ဆိုဖာပေါ်၌သာ ခြေပစ်လက်ပစ်ဝင်ထိုင်၍ မျက်နှာကျက်ကိုသာမော်ကြည့်သည်။
"ဘာဖြစ်နေတာလဲ။ကိုဈာန်နဲ့ရန်ဖြစ်လာတာလား"
"မဖြစ်ပါဘူး။ဒီအတိုင်းပဲ နည်းနည်းပင်ပန်းနေလို့"
"မင်းမျက်ကွင်းတွေညိုနေတာပဲ။အားမရှိဘူးလား"
ဝေယံ အားလျှံအား အသေအချာအကဲခတ်ရင်းမေးလိုက်သည်။
"ငါ့ကို Drip ချိတ်ပေးပါလား။နည်းနည်းမလန်းဘူးဖြစ်နေလို့"
အားလျှံစကားအား ဝေယံ အသေအချာနားထောင်၍အကဲခတ်လိုက်ပြီးနောက်
"ဘာလဲ ဗိုက်ကြီးနေတာလား"
"ဟေ့ကောင် ဘာလို့ကြီးရမှာလဲ။ပေါက်ပေါက်ရှာရှာ"
ထုံးစံအတိုင်းပါပဲ ဝေယံနားရင်းအအုပ်ခံလိုက်ရသည်။
"ကိုဈာန်က အရမ်းစွမ်းတယ်လေ။မဟုတ်ဘူးလား"