"အားလျှံ အဆင်ပြေရဲ့လား"
ဈာန်လင်းထက် ကားသာမောင်းနေရသည်။
လက်တကမ်း၌ မှိုင်တွေကာပျော့ရိရော့ရဲနေသော ခင်ပွန်းသည်အား နည်းနည်းလေးမှ အားမရနိုင်။"အိမ် အမြန်ရောက်ချင်နေပြီ"
မျက်စိစုံမှိတ် မျက်ခုံးကလေးကိုလက်ချောင်းတို့နှင့် သက်သာအောင်နှိပ်ကာ ညည်းညူးရှာသည်။
ဈာန်လင်းထက်နှင့်ဇေယျာသည်ထားဝယ်၌ တစ်ညအိပ်ပြီးမှသာ ရန်ကုန်ပြန်ရန်အကြံပေးသော်လည်း အားလျှံသည် အတင်းပင်ငြင်း၍ခရီးရန်ပူဆာသည်။
ဆေးခန်းပြရန် တိုက်တွန်းသော်လည်း အကြိမ်ကြိမ်ငြင်းကာ အိမ်ပြန်ဖို့သာ အားလျှံတောင်းဆိုလေသဖြင့် ဈာန်လင်းထက် မလိုက်လျောရမနေနိုင်။ သို့ဖြစ်၍ ချက်ချင်းပင် ရန်ကုန်ပြန်လာရလေတော့သည်။
တစ်လမ်းလုံး ငြိမ်နေလိုက် အိပ်လိုက်၊ အိပ်ရာနိုးလာလျှင်လမ်းဘေး၌ ထိုးအန်လိုက်နှင့် အားလျှံ ခမျာ သက်သာပုံမရ။
အသွားခရီး၌ တလမ်းလုံး တပျော်တပါးဓာတ်ပုံရိုက်လိုက်မုန့်စားလိုက်နှင့် အဆင်ပြေနေခဲ့သည့်ကောင်လေးသည် အပြန်ခရီး၌ကား အသံပင်မထွက်။အပြင်လောက၏သဘာဝအလှကိုပင်မခံစားနိုင်။
"မလွှဲတောင်ကိုတောင်ရောက်နေပြီ။ ရေးကိုရောက်တော့မှာပါ"
အဆင်ပြေလိုပြေငြားအေးရာအေးကြောင်းစိတ်ချမ်းသာအောင်နှိမ့်သိမ့်ရှာသည့်ခင်ပွန်းဖြစ်သူ ဈာန်လင်းထက်။
မှတ်ပုံတင်စစ်သည့် နေရာ၌ ကောင်ငယ်လေးအား မနည်းမတွဲခေါ်ရသည်။
"လမ်းလျှောက်နိုင်ရဲ့လားအားလျှံ"
"ရပါတယ်။ခဏပဲဆင်းရမှာပဲကို"
မှတ်ပုံတင်ပြပြီးနောက် ကောင်ငယ်လေးအား ကားပေါ်သို့အရောက်ပို့ကာ
"ကိုယ် toilet သွားဦးမယ်။ အမြန်ပြန်လာခဲ့မှာနော်"
ဈာန်လင်းထက် အမြန်ပြေးရသည်။
ကားပေါ်တစ်ယောက်တည်းကျန်ခဲ့သည့်အားလျှံသည်
"တတီတီ" နှင့်မနားတမ်းမြည်နေသည် ဈာန်လင်းထက်ဖုန်သံကြောင့် စိတ်မရှည်နိုင်တော့ပေ။