အားလျှံဘယ်လိုမှအိပ်မပျော်နိုင်။
ဘေးမှာဖျားနေသူက တညလုံးပင် ညည်းလိုက် ကွေးလိုက်နှင့် တလှုပ်လှုပ် တယွယွဖြစ်နေသည်မို့အားလျှံ အနေခက်ရသည်။
နွားနို့တိုက်မိသည့်တရားခံကသူဖြစ်နေ၍ ပို၍စိတ်ပူနေမိသည်။ အနည်းဆုံးသုံးလေးရက်လောက် အော့အန်၊၀မ်းပျက်၀မ်းလျှောဖြစ်ပြီးဖျားတတ်သည််မို့ အားလျှံ အိပ်မနေနိုင်တော့ဘဲ ထထိုင်လိုက်ကာ ဈာန်လင်းထက်၏ အေးစက်နေသည့် လက်ချောင်းများအား ဆုပ်ကိုင်ရင်း
"အကိုချမ်းနေရင်ကျွန်တော်ဖက်ထားပေးရမလား"
ဟု မေးမိသည်။
"နေနေ ... အားလျှံ အဖျားကူးကုန်မယ်"
တုန်ရီနေသည့်အသံသည် ဗလုံးဗထွေးနှင့်။
"အကို ...."
နဖူးကိုလက်ပြန်စမ်းကြည့်ရင်း စိုးရိမ်တကြီး ခေါ်တော့
"အိပ်တော့ အားလျှံ နည်းနည်းလောက်နေရင်ကိုယ်သက်သာသွားလိမ့်မယ်"
စိတ်ပူနေတဲ့သူကို အဖျားဝင်နေသူက ပြန်၍စိုးရိမ်နေသည်။
နောက်ပြီး တစ်ခါမှ နောက်ကျောခိုင်းကာ မအိပ်တတ်သူက အခုတော့ အားလျှံကိုနောက်ကျောခိုင်းလိုက်သေးသည်။
အားလျှံဘာဆိုဘာမှတွေးမနေတော့ဘဲ ဈာန်လင်းထက်၏ စောင်ကိုဆွဲယူကာသူပါဝင််ခြုံလိုက်ပြီးအနောက်ကနေ ခပ်တင်းတင်းဖက်ထားပစ်လိုက်တော့သည်။
"အားလျှံ"
ဈာန်လင်းထက်ခေါ်သံတို့၌မောဟိုက်နေမှုများအပြည့်။
"စကားမများဘဲအိပ်တော့။ဆရာဝန်စကားကိုနားထောင်"
ဈာန်လင်းထက် ဆက်ကာငြင်းမနေတော့ဘဲ ဆရာဝန်လေးပြောတဲ့အတိုင်းပင် အသံတိတ်ကာအိပ်လိုက်ရတော့သည်။
တစ်ညလုံး အဖျားတတ်နေသည့် ဈာန်လင်းထက်သည်
မိုးသောက်မှ အဖျားပြန်ကျသွားခြင်းကြောင့် မနက် ခုနစ်နာရီအထိပင် အိပ်ပျော်နေဆဲ။အားလျှံသည် ဆန်ပြုတ်ပန်းကန်ကိုဘေးချကာ သောက်ရမည့်ဆေးများနှင့်အတူ အိပ်ပျော်နေသူ၏ လက်ကလေးအားခပ်တင်းတင်းဆုပ်ကိုင်ရင်း နိုးလာမည့်အချိန်ကိုစောင့်နေတော့သည်။