အချိန်တစ်နာရီကျော်ကျော်ခရီးနှင်လာမိပြီးနောက်ပင်လယ်ကမ်းခြေမှ လှိုင်းပုတ်သံ ချိုမြမြအားနှစ်ဦးသားကြားလိုက်ရသည်။
တစ်လမ်းလုံး ချစ်သည့်အကြောင်းတွေကိုသာ တတွတ်တွတ်နှင့်ပြောလာခဲ့ကြသည်။ မမောနိုင်မပန်းနိုင်ဖြင့်။
ထိုလှိုင်းပုတ်သံတို့အား ကြားလိုက်ရစဉ်မှ နှစ်ယောက်သား အံ့အားသင့်ကာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်မိကြသည်အထိပင်။
ခပ်သွက်သွက်ပင် မြေနိမ့်ရာဖက်သို့လျှောက်လာစဉ် ကြားနေရသည့် လှိုင်းပုတ်သံတို့ မွေးဖွားရာ ပင်လယ်ပြင်အကျယ်ကြီးအား မျက်ဝါးထင်ထင်တွေ့လိုက်ရတော့သည်။
"ဟာ ....လှလိုက်တာ"
အားလျှံသည် ဘေး၌ရှိနေသည့် ခင်ပွန်းသည်ကိုပင်ဂရုမစိုက်အား။လွယ်ထားသည့်ဂီတာအိတ်ကိုသဲသောင်ပြင်ပေါ်သို့ပစ်ချကာ ချင်ချင်းပင် ကမ်းစပ်သို့ပြေးဆင်းလေသည်။
လှိုင်သေးသေးလေးတို့၏ ခရီးဆုံးရာရေစပ်၌ ခြေမျက်စိမြုံ့ရုံကလေး ဆော့နေရှာသည့် အားလျှံသည် တကယ်ပင်ကလေးဆန်လွန်းသည်။
ဈာန်လင်းထက်သည် ပင်လယ်ပြင်ကြီးထက် ထို ပင်လယ်ကြောင့်ပျော်နေရှာသော ကလေးငယ်ကိုကြည့်ကာ ပို၍ ကြည်နူးရသည်။
ခပ်လှမ်းလှမ်းမှ သူ့မြတ်နိုးရာလေးအား လှမ်းကြည့်နေစဉ်
"ကိုကို ...ကျွန်တော့်အနားလာလေ။ ဒီနားမှာရေနက်လွန်းလို့ မျက်စိတောင်မြုပ်တယ် "
ရယ်သံတို့ရောထွေးကာ ကောင်ငယ်လေးပြောလိုက်သည်သဖြင့် ဈာန်လင်းထက်လည်း ကျောပိုးအိတ်ကို ဂီတာနံဘေး ထားရစ်ခဲ့လိုက်ကာ အားလျှံအနားကပ်သွားလိုက်သည်။
ဈာန်လင်းထက် ရေထဲဆင်းလိုက်တော့
"ကျွန်တော်ပြောတယ်မလား မျက်စိတောင်မြုပ်တယ်လို့"
ထိုကောင်လေး ဘာကိုရည်ညွန်း၍ ပြောသည်ကိုသူနားမလည်။ ခေါင်းကိုသာ အသာကုတ်မိသည်။
"ဘာ မျက်စိ က ဘာဖြစ်တယ်"
မသိမသာလေး ထပ်မေးရသည်။
![](https://img.wattpad.com/cover/271116077-288-k928669.jpg)