Chapter-32

2.8K 448 11
                                    

Title - သူရဲကောင်းတစ်ဦးထံမှ ကယ်တင်ခံရရန် စောင့်မျှော်နေရှာသည့် အိပ်ပျော်နေသောဝံပုလွေလေး

နောက်တစ်ရက် ယွမ်ချိုးချိုးနိုးလာသည့်အချိန်တွင် အပြင်ဘက်ကောင်းကင်မှာ လင်းချင်းနေပေပြီ။ 

အေးခဲနေသည့်မြူများနှင့်ရောနှောနေသည့် အပြင်ဘက်အလင်းရောင်မှာ ချုပ်ရိုးများနှင့်တင်းတင်းစေ့ပိတ်ထားသည့် တိရစ္ဆာန်အရေခွံခန်းစီးအား နေရာလပ်ကြားမှ ထိုးဖောက်ဝင်ရောက်လျက် ဂူအားပိုမိုတောက်ပသွားစေ၏။

ယမန်နေ့ညတွင် သူမ နောက်ဆုံးတော့ ဗိုက်ပြည့်နေအောင် အစားတစ်နပ်စားနိုင်ခဲ့၏။ ထင်းမီးများလောင်ကျွမ်းနေသည့် ဂူအတွင်းအပူချိန်မှာ နိမ့်မနေပါပေ။ တစ်မူထူးခြားသောပစ္စည်းနှင့်ကျောက်ကုတင်မှာလည်း အလွန်နွေးထွေးနေ၏။

သူမ မနေ့ညက ကောင်းကောင်းအနားယူနိုင်ခဲ့သည်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်သွားမီ မစ္စတာဝံပုလွေဆိုးကြီးနှင့် နာကျင်မှုအနည်းငယ်ကို ကူညီမျှဝေခံစားပေးခဲ့သော်လည်း ယွမ်ချိုးချိုးသည် ဘယ်လိုသက်သောင့်သက်သာမဖြစ်မှုမျိုးကိုမှ မခံစားရပါပေ။

သူမ၏အိပ်ချင်စိတ် လျော့ပါးမသွားခင်အထိ ယွမ်ချိုးချိုးထရန် အလျင်မလိုသော်လည်း အိပ်ချင်နေစိတ်လျော့သွားရန် မျက်လုံးများကို ပိတ်ထားလိုက်၏။ ရုတ်တရတ် သူမ တင်းတင်းကျပ်ကျပ်ထုပ်နှောင်ထားသော တိရစ္ဆာန်အရေခွံထဲမှ သူမ၏လက်ကို မြှောက်ကာ မစ္စတာဝံပုလွေဆိုးကြီးဆီသို့ ဆန့်ထုတ်လိုက်၏။ သူမသည် သူ၏လက်ဖဝါးအကြီးကြီးကိုရှာကာ ဝံပုလွေ၏လက်ရှိအခြေအနေကို စူးစမ်းလိုခြင်းဖြစ်သည်။

ဂူထဲရှိထင်းမီးသည် ငြိမ်းလုနီးပါးပင်။ သူမ၏လက် သားရေစောင်ထဲမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ယွမ်ချိုးချိုး အအေးဓာတ်ကြောင့် တုန်ရီသွားတော့၏။

သို့သော် သူမ သူမ၏မျက်လုံးများကို မဖွင့်သေးပေ။ ထို့ကြောင့် သူမ၏လက်ဖဝါးအား မီတာဝက်အကွာအဝေးကို ဖြတ်သန်းစေလျက် မစ္စတာဝံပုလွေဆိုးကြီးအား ခြုံပေးထားသည့် တိရစ္ဆာန်အရေခွံဆီသို့ရောက်မည့်အချိန်ကိုစောင့်ကာ စမ်းတဝါးဝါး စမ်းနေခဲ့၏။ ထပ်၍အိပ်ပျော်တော့မလိုပင်ဖြစ်နေသည့် ယွမ်ချိုးချိုးမှာ ရှည်လျားသောဆယ်စုနှစ်တစ်ခုစာလောက် ဖြတ်သန်းလိုက်ရသလို ခံစားလိုက်ရ၏။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now