မချို​သောအတ္တမဲ့ကာရန်

129 8 4
                                    

မချိုသောအတ္တမဲ့ကာရံ

အတိတ်ရဲ့စာမျက်နှာမှာ
သမိုင်းဟာ တကြော့ပြန်လည်လာလို့
နေရာတကာမှာအဟောင်းအသစ်တွေနဲ့
လူတကာပါးစပ်တွေက
ဗလောင်းဗလဲတွေဟစ်လာတယ်

အနေအစားချောင်ဖို့အရေး
သစ္စာတရားကိုဖင်ခုထိုင်
အမှန်တရားကိုခြေသုတ်ခုံတင်ပြီး
မဟုတ်တရားကိုခါတောင်းကျိုက်လို့
မျက်စိကိုစုံမှိတ်
မျက်မမြင်နားကန်းတစ်ယောက်လို
ခေါင်းညိမ့်ခေါင်းခါနဲ့
အို...ရိုင်းပျသောအမူရာတွေ
ခုတလော...မျက်မှောက်မှာ
ခေတ်စားလာတယ်လေ

မြားတံကပန်းပွင့်ဖို့မဟုတ်ဘူး
ပစ်မှတ်ကိုမထိသေးလို့
စစ်ပွဲတွေမရပ်ပါဘူးတဲ့
ငြိမ်းချမ်းရေးချိုးဖြူငှက်တောင်
လက်နဲ့တို့ထိ ထိကရုံးရွက်လေးလို
မျက်နှာလေးညိုးလျငိုက်ကျသွားတယ်

လူတွေလူတွေ...
မယောင်ရာဆီလူး
တွေဝေကောင်းနေတုန်း
တိုင်းပြည်ကသိုက်တူးခံရတော့
အလုပ်အကိုင်ကရွှေထက်ရှားလာတယ်
လျောက်တဲ့လမ်းတွေက
ရှည်လျားသလောက်
ဘဝတွေကတိုလာကြတယ်
လမ်းတွေကဖြောင့်သလောက်
အတွင်းစိတ်ကောက်လာကြတယ်

အမည်နာမတစ်ခုကိုယ့်သမိုင်းမှာ
စွဲကျန်ရစ်အောင်မှတ်ကျောက်တင်
ရေးထိုးနိုင်မယ့်ကလောင်ကိုင်တဲ့
သူရဲကောင်းတွေလည်း
များလှတဲ့စာရွက်ဖြူတွေကြား
ရေးသူမဲ့ရှားပါလာကြတယ်
.
.
နွန်း

အ​တွေး၊စိတ်​ကူးကဗျာများWhere stories live. Discover now