Part 6

16.3K 1.8K 50
                                    

2009 ခုနှစ်

အိမ်မှစထွက်လာစဉ်ကတည်းက မိုးဖွဲလေးတွေကျနေတာကိုရှိုင်းသတိပြုမိသည်။ ဆွဲခြင်းလေးထဲကထမင်းချိုင့်၊ ရေဗူး၊ မုန့်ဗူးအပြင် ဘယ်အချိန်ကထည့်ပေးလိုက်မှန်းသတိမထားမိသော ခေါက်ထီးအပြာလေးကိုအတွေ့ ပြုံးလိုက်မိ၏။ ဒါရှိုင်းတို့ကြီးကြီးရဲ့ထောင့်စေ့နေတဲ့ဖြည့်ဆည်းပေးမှု။

မူကြိုကျောင်းသားလိုစုံစေ့အောင်ထည့်ပေးတတ်သောကြောင့် အတန်းသားတွေကြားအမြဲစနောက်ခံရတတ်ပေမဲ့ ရှိုင်းကအရေးမစိုက်ပါလေ။ အင်မတန်ဂျီးဂျောင်ထူလှသောရှိုင်းအတွက် အထူးတလည်ထုတ်ပိုးပြင်ဆင်ထားတဲ့အိမ်ကအစားအစာမှမဟုတ်လျှင် စားရန်အဆင်မပြေတတ်သောကြောင့် အိမ်ကထည့်ပေးသောနေ့လယ်စာဆွဲခြင်းက အထက်တန်းရောက်သည့်အထိပါလာတတ်စမြဲ။

အသေးစိတ်လေးကအစဂရုစိုက်တတ်လွန်း၊ စေ့စပ်လွန်းသောကြီးကြီးကြောင့် ရှိုင်းတို့မောင်နှမဘဝကပိုပြီးပြည့်စုံခဲ့သည်။ မေမေအရှေ့ကစီးပွားရှာနိုင်သလောက် အိမ်တွင်းတာဝန်ကိုယူရတဲ့ကြီးကြီးကလည်းစည်းစနစ်ကျကျထိန်းသိမ်းနိုင်သဖြင့် မေမေနောက်ကြောင်းအေးအေးစီးပွားရှာနေနိုင်ခြင်းလို့လည်းပြောလို့ရသည်။

အပျိုကြီးလည်းဖြစ်သလို ရှိုင်းတို့မောင်နှမကိုငယ်ငယ်ကတည်းကပြုစုထိန်းကျောင်းခဲ့ရသူမို့ ကြီးကြီးဟာရှိုင်းတို့အတွက်မိခင်ရင်းနှင့်မခြားခဲ့ပါ။ မေမေ့ကအလုပ်များလှသလို အိမ်မှာနေချိန်နည်းပါးလွန်းသောကြောင့် ကြီးကြီးကသာအစစအရာရာဂရုတစိုက်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ရသည်။

မမနှင့်မတူအလိုကျသည်မရှိ ကဂျီကဂျောင်နိုင်လွန်းသောရှိုင်းအတွက်ကြီးကြီးကသာအသေးအဖွဲကအစ တာဝန်ယူလုပ်ကိုင်ပေးခဲ့ရရှာ၏။ တစ်ခြားလူလုပ်ပေးလျှင် ရှိုင်းကစိတ်တိုင်းကျတာမဟုတ်ပါ။ တစ်အိမ်လုံးတွင်အငယ်ဆုံးဖြစ်သလို တစ်ဦးတည်းသောသားယောက်ျားလေးဖြစ်တဲ့ရှိုင်းက အထက်တန်းရောက်သည့်တိုင်ကလေးတစ်ယောက်လို အလိုလိုက်အကြိုက်ဆောင်နေရသူလေးလည်းဖြစ်နေပြန်သေး၏။

ဖတ်စာအုပ်လေးထုတ်ကာဖတ်နေရင်း ရှိုင်းစီးလာသောကားသည်လှည်းတန်းလမ်းဆုံအရောက်တွင် ရိုးရာမပျက်မီးပွိုင့်မိသည်။ စာအုပ်လေးကိုအသာပိတ်ကာကားမှန်ပြတင်းတံခါးကနေတစ်ဆင့် ပတ်၀န်းကျင်ကိုမျက်စိအညောင်းဖြေရင်းငေးကြည့်နေမိသည်။

ဆုံစည်းခွင့်Tahanan ng mga kuwento. Tumuklas ngayon