Part 18

10.3K 1.4K 77
                                    

ရှိုင်းတို့ခြံထဲကားဝင်ဝင်ချင်း အိမ်ဘေးမြေလွတ်နေရာလေးတွင် စားပွဲနှင့်ခုံအချို့ခင်းကျင်းထားသည်ကိုတွေ့မြင်လိုက်၏။ Sound Box အလတ်စား ၂ လုံးဆီမှ အင်္ဂလိပ်သီချင်းသံကမတိုးမကျယ်ထွက်ပေါ်နေသည်။

မီးချောင်းတစ်ချို့ဆင်ထားပြီး စောရောက်နေသူတစ်ချို့လည်းရှိ၏။ အသားကင်ရန်ပြင်ဆင်ထားသောမီးဖိုဘေးတွင် ရှိုင်းကိုလှမ်းမြင်လိုက်သည်။ ကျွန်တော်တို့ကားကိုလှမ်းမြင်လိုက်တဲ့ရှိုင်းက ကားဆီပြေးလာ​ပြီးပါလာသောပစ္စည်းတွေကိုကူချပေးရင်းမှ...။

"ခုမှလာကြတယ်ဗျာ။ ကျွန်တော်ကအသားကင်ဖို့အတွက်မီးဖိုဆင်ကြည့်နေတာ"

"မုန့်တွေဝင်ဝယ်နေလို့ကွ"

သာလွန်နေက City Mark က​နေဝင်ဝယ်လာသော မုန့်အိတ်ကြီးကိုမြှောက်ပြပြီးပြောလိုက်တော့...။

"အိမ်မှာလည်းရှိပါတယ်ဗျာ၊ အရေးကြီးတာလူပါလာဖို့ပဲလိုတာပါ"

အိတ်ကိုလှမ်းကူဆွဲရင်းရှိုင်းပြောတော့...။

"အဲမှာမင်းအစ်ကိုပါလာပြီလေ၊ ခိုင်းချင်တာခိုင်းပေတော့၊ ငါတော့ကော့တေးစပ်ဖို့ပြင်ဆင်လိုက်ဦးမယ်"

ပြောပြောဆိုဆိုသူဝယ်လာသောအချိုရည်နှင့် ယမကာပုလင်းအချို့ထည့်ထားတဲ့အထုပ်ကိုဆွဲယူပြီးရှေ့ကထွက်သွား၏။ ကားနောက်ခန်းထဲကဘုရားပန်းထုပ်ကို ဂရုတစိုက်ထုတ်ယူလိုက်ရင်းမှ...။

"ကလေးတို့အိမ်အတွက် ဘုရားပန်းတွေဝယ်လာခဲ့တယ်။ ကလေးမေမေ့ကိုပေးပေးပါလားဟင်"

"ဟာ...အတော်ပဲ၊ အစ်ကိုကအကြားအမြင်များရနေတာလားဗျာ။ ဒီနေ့အလုပ်တွေရှုတ်နေတာနဲ့ ဘုရားပန်းမဝယ်ထားလိုက်ရလို့တဲ့။ ကြီးကြီးလေ...ပွစိပွစိပြောနေတာ တစ်ညနေလုံးနားကိုပူနေရောဗျာ။ လာ လာ အစ်ကိုသယ်လာခဲ့ပေးနော်"

အိမ်ထဲဆွဲခေါ်လာတဲ့ရှိုင်းနောက်ကလိုက်လာရင်း ထမင်းစားခန်းထဲရောက်လာ၏။ အသားညိုညိုနှင့် ဝဝဖိုင့်ဖိုင့်အဒေါ်ကြီးတစ်ဦးကရှိုင်းကို​မြင်လိုက်သည်နှင့်...။

"ကိုယ်တော်လေး၊ ကျွန်တော်မျိုးမအသားတွေလည်းနှပ်ပြီးပါပြီ။ အသီးအနှံတွေလည်းထိုးသီပြီးပါပြီ၊ ဘာများခိုင်းပါဦးမလဲ"

ဆုံစည်းခွင့်Wo Geschichten leben. Entdecke jetzt