Part 49

13.2K 1.4K 176
                                    

2019၊ September၊ Kalaw

ခုနှစ်ရက်ခုနှစ်လီမနားတမ်းရွာနေခဲ့သောကောင်းကင်​ကြီးက ယ​နေ့မူရွာခဲ့တာသူမဟုတ်တော့သလိုကြည်လင်နေပြန်၏။

ဟိုတယ်ဘေးဘက်ခြမ်း Garden လေးရှေ့ကခုံတန်းလေးတွင်ထိုင်နေရင်း ကန်ရေပြင်ပြာပြာရဲ့နောက်ဘက်ကစိမ်းညို့ညို့နှင့်မြင့်မားလွန်းသောတောင်တန်းကြီးကိုလှမ်းမျှော်ကာငေးနေမိသည်။ မြူမှုန်တွေကြားတွင် ဝိုးတစ်ဝါးမြင်နေရသော မြင့်မားလှတဲ့တောင်တန်း​ပြာကြီးသည် အမြင်နီးပေမဲ့ခရီးကကွာဝေးလွန်းလှ၏။

ကျွန်တော့်အတွက်တော့ ကလေးသည်လည်းဒီတောင်တန်းကြီးကိုလှမ်းကြည့်နေရသလိုမျိုး တခြားအရာတွေကိုမမြင်နိုင်လောက်အောင်လွှမ်းမိုးမှုကကျယ်ပြန့်၏။ သို့ပေမဲ့နီးစပ်ဖို့အတွက်မှာတော့ ကွာဝေးလွန်းပါသည်။ တွေ့စကတည်းက လက်လှမ်းမမီ​သောအခြေအနေနှင့် အရာရာပြည့်စုံလွန်းတဲ့ကလေးဘဝ၊ နိမ့်ကျလှတဲ့ကျွန်တော့်အခြေအနေက အတွေးထဲတောင်ယှဉ်တွဲမသင့်တဲ့အနေအထား။

ဘဝကိုအကောင်းဆုံးဖြစ်အောင်တည်ဆောက်ခဲ့ရင်း နီးကပ်လာအောင်ကြိုးစားခဲ့ပေမဲ ရှိရင်းစွဲအနေအထား​လေးပျက်စီးခဲ့ရခြင်းက ကံကြမ္မာဆိုးတစ်ခုသာဖြစ်ခဲ့၏။ ခုတော့အဖြစ်အပျက်တွေကအိမ်မက်လိုပါပဲလား။ ကျွန်တော့်အတွက်တော့ ဘယ်တော့မှမေ့ပျောက်မသွားနိုင်မဲ့အိပ်မက်လှလှ​လေးတစ်ခုပေါ့။

မမေ့ရက်နိုင်လောက်အောင်ချစ်မြတ်နိူးခဲ့မိတာပါကလေးရယ်။ အပြစ်ဆိုလို့ မြူမှုန်စတစ်ခုလောက်​တောင်မတင်ရက်ခဲ့ပါဘူး။ အရာအားလုံးဟာကိုယ်ဘက်ကပဲမှားခဲ့တာပါ။ လွမ်းတယ်ဆိုတာထက်သာ၍လွမ်းနေရပါသည်။

ကုန်ခါနီးစီးကရက်ကိုငြိမ်းသတ်ကာအိတ်ကပ်ထဲကဖုန်းကိုထုတ်ယူကာ Home Key ကိုအနှိပ်တွင် ပေါ်လာတာသည်က Duty coat လေးနှင့်ပုံရိပ်ငယ်လေးတစ်ခု။ ကလေးရဲ့ FB Wall ထဲကိုတိတ်တဆိတ်ဝင်ကြည့်ခဲ့စဉ် ရရှိလာတဲ့ပုံရိပ်လေးတစ်ချို့က ကျွန်တော့်အတွက်တန်ဖိုးမဖြတ်နိုင်တဲ့ရတနာလေးတွေပေါ့။ အိပ်ပျက်ညတို့အတွက်အဖော်ပြုရာတစ်ခုလည်းဖြစ်ခဲ့ပါသေးသည်။

ဆုံစည်းခွင့်Where stories live. Discover now