Part 22

10.2K 1.4K 62
                                    

စိတ်တိုတိုနှင့်လျှောက်လာလိုက်တာကျောင်းပေါက်ဝထိရောက်လာသည်။ သူများကျောင်းရှေ့မှာ စည်းကမ်းမရှိလာလွင့်ပစ်ထားသောရေသန့်ဗူးလွတ်တစ်ခုကိုတွေ့လိုက်စဉ် ဒေါသကသင်းဆီရောက်သွား၏။ 

လွင့်ခနဲနေအောင်ကန်ထုတ်လိုက်ပြီးမှစိတ်ထဲအနည်းငယ်ကျေနပ်သွားမိသည်။ လက်ကနာရီကိုကြည့်မိတော့ သုံးနာရီခွဲ။ အစ်ကိုလာခေါ်မယ်ပြောတဲ့အချိန်ကနီးနေပြီ။ ဟိုတစ်ခါကန်ဘောင်သွားပြီးထဲက အစ်ကိုနှင့်မတွေ့ရတာတစ်ပတ်လောက်တောင်ရှိ​နေမလားပဲ။

အစ်ကိုကကားမောင်းရင်းသင်တန်းတစ်ဖက်ရှိနေပြန်တော့ အလုပ်ပိုနေမှာစိုးသောကြောင့် လာကြိုဖို့ထပ်မပြောခဲ့မိပါ။ အဆင်ပြေလားလို့ဖုန်းဆက်မေးစဉ်အချိန်က မမနှိုင်းကလည်းကျောင်းလိုက်ပို့ပေးနေ၍ အဆင်ပြေကြောင်းပြောပြလိုက်သည်။ 

ဒီနေ့ ကားလာပြဖို့ရှိတယ်ပြောလာသောပွဲစားကိုစိုးကြောင့် ကျွန်တော့်အိမ်ကိုပဲကားလာပြပေးဖို့ချိန်းဆိုခဲ့လိုက်ပြီး တလက်စထဲအစ်ကို့ကိုပါအိမ်လိုက်ခဲ့ဖို့လှမ်းခေါ် လိုက်ရခြင်းပါ။ ကိုနေကဆေးရုံမှာလက်တွေ့ဆင်းနေသောကြောင့် အတူတူလိုက်ကြည့်ပေးဖို့လည်းမအားပါ။

ဘေးနားကိုကပ်ရပ်လိုက်တဲ့Taxi တစ်စီးကြောင့်ကြည့်လိုက်မိမှ မောင်းသူနေရာကအစ်ကို့ကိုတွေ့လိုက်၏။ မြင်နေကျကားမဟုတ်ဘဲအသစ်တစ်စီးဖြစ်နေသောကြောင့် မမှတ်မိလိုက်ရခြင်းပါ။ မကြည်သာစိတ်နှင့် အစ်ကိုကားပေါ်မျက်နှာသုန်သုန်မှုန်မှုန်တက်လိုက်ရင်း...။

"ကားကဘယ်လိုဖြစ်လာတာလဲ"

"အရင်မောင်းတဲ့ကားကိုပိုင်ရှင်ကရောင်းလိုက်ပြီလေ၊ ဒါကြောင့်ဒီရက်ပိုင်းကားပြန်ရှာနေတာနဲ့ ကလေးဆီကိုတောင်မရောက်လာဖြစ်တာပေါ့"

"ဟုတ်လား၊ အစ်ကိုကပြောတောင်မပြောဘူး၊ ဘယ်လိုဖြစ်လို့လဲ"

"ဘယ်လိုမှမဖြစ်ဘူး၊ ကားပိုင်ရှင်ဦးလေးကြီးရဲ့အမျိုးသမီးက နေမကောင်းဖြစ်နေတာကြာပြီ၊ ကုတော့ကုနေတာပဲ။ အခုဆေးရုံတက်ပြီးခွဲစိတ်ဖို့ငွေလိုနေလို့တဲ့၊ ကားကိုရောင်းထုတ်လိုက်ရတယ်လေ"

ဆုံစည်းခွင့်Where stories live. Discover now