Part 13

11.3K 1.5K 42
                                    

"ရောက်ပြီဟေ့"

အသံကုန်အော်ဟစ်ရင်း ကမ်းစပ်ကိုပြေးဆင်းသွားသောရှိုင်းတို့သူငယ်ချင်းတစ်စုကို အထုပ်အပိုးတွေကိုချနေရာမှစိတ်မချစွာလှမ်းကြည့်လိုက်မိသည်။ ထိုနောက် ကားရှေ့တွင်ရပ်ကာအညောင်းအညာဖြေအကြောဆန့်နေသောသာလွန်နေ့ကို လှမ်းပြောလိုက်မိ၏။

"ပစ္စည်းတွေကိုငါအခန်းထဲထည့်ပေးထားမယ်။ ကလေးတွေနောက်မင်းလိုက်သွားဦးလေ။ လူကလည်းရှင်းနေတော့ ရေနက်ထဲဆင်းနေကြဦးမယ်။ သွား သွား"

စိုးရိမ်ကြီးစွာဆိုမိသော်လည်း သာလွန်နေကခပ်အေးအေးတုန့်ပြန်ပြော၏။

"မလိုက်နိုင်ဘူး။ တစ်လမ်းလုံးညောင်းချိလာတာဆိုတော့ ကျောဆန့်လိုက်ဦးမယ်။ ကလေးလေးတွေမှမဟုတ်တာ၊ သူတို့အန္တရာယ်သူတို့သိမှာပေါ့။ လိုက်စိတ်ပူမနေနဲ့"

ပြောပြောဆိုဆို ငှားထားသောဘန်ဂလို ၂ ခန်းတွဲဆီအထုပ်တစ်ချို့သယ်ကာဝင်သွားပါတော့သည် ။ ၃ ယောက်ခန်း ၂ ခန်းငှားထားသဖြင့် ကျွန်တော်တို့နှစ်ယောက်နှင့်ကလေးက ၁ ခန်း၊ ကလေး သူငယ်ချင်း ၃ ယောက်က ၁ ခန်းသတ်မှတ်ထားသော်လည်း ကလေးကသူငယ်ချင်းတွေနဲ့ပဲပေါင်းနေချင်တယ်ပြောသောကြောင့် ကလေးတို့သူငယ်ချင်းတစ်စုရဲ့အထုပ်ပေါင်းများစွာကို ၃ ခေါက်ကျအောင်သယ်ပို့ပေးပြီးမှ ကိုယ်နေရမဲ့အခန်းဘက်ကူးလာခဲ့၏။

အဝတ်တစ်ချို့သာပါသောခရီးဆောင်အိတ်ကို ကုတင်ခြေရင်းကခုံပေါ်တင်လိုက်ပြီးမနားနိုင်သေး။ နောက်ဆံတင်းသလိုစိတ်မချနိုင်ခြင်းကြောင့် ကမ်းခြေဘက်ဆင်းလာခဲ့ရပြန်သည်။ ကလေးတို့အောင်စာရင်းထွက်ပြီးတာ ၁ ပတ်မျှသာရှိသေး၏။ ဘာသာစုံဂုဏ်ထူးနှင့်ထူးထူးချွန်ချွန်အောင်မြင်ခဲ့တဲ့ကလေးနှင့်သူ့သူငယ်ချင်း ၃ ယောက်ပေါင်းပြီး ငွေဆောင်ကိုအပျော်ခရီးထွက်လာသည့်ခရီးအတွက် သာလွန်နေနှင့်ကျွန်တော်က,ကလေးထိန်းတွေအဖြစ်လိုက်လာခဲ့ရခြင်းဖြစ်သည်။ ငွေဆောင်သို့ ၂ ညအိပ်၃ ရက်ခရီးအတွက် ကျွန်တော်ကအစီအစဉ်မရှိဘဲလိုက်ပါခဲ့ရသူ။

*****************************************************

ကမ်းစပ်နှင့်သိပ်မဝေးသော ကျောက်ဆောင်ကမူလေးပေါ်ကိုတက်ထိုင်လိုက်ရင်း ရေထဲတွင်လုံးထွေးပျော်ပါးနေသောကလေးတို့သူငယ်ချင်းတစ်စုကိုငေးနေမိသည်။ ကလေးနှင့်အလှူတွင်တွေ့ ခဲ့ကြပြီးနောက် တစ်ကြိမ်သာဆုံခဲ့၏။

ဆုံစည်းခွင့်Where stories live. Discover now