Part 20

11.5K 1.3K 51
                                    

အတန်းရှေ့ရောက်ချိန် ဆရာမကစာစသင်နေပြီ။ ကိုယ်ကနောက်ကျနေတာဖြစ်နေတော့ မျက်နှာလေးကိုငယ်၊ လက်ညိုးလေးထောင်ပြပြီးဝင်ခွင့်တောင်းမိလိုက်ပုံက အထက်တန်းကျောင်းသားလေးပုံစံပေါက်သွားမှာပဲ။ 

ဆရာမကခေါင်းညိမ့်ပြကာစာဆက်သင်နေသောကြောင့် ထိုင်နေကျခုံနေရာလေးဆီအပြေးဝင်ထိုင်လိုက်ရသည်။ နောက်မကျတတ်ဖူးတဲ့ကျွန်တော့်ကို စိမ်းကမေးခွန်းဆန်သောအကြည့်မျိုးနှင့်လှည့်ကြည့်၏။ ခေါင်းကိုအသာခါပြလိုက်ရင်း စာအုပ်ကိုထုတ်ကာ ရောက်သည့်နေရာကနေလိုက်မှတ်နေမိ၏။

ကျောင်းလာခါနီးမှဘယ်လိုမှနှိုးမရသောကားကြောင့် ကြီးကြီးကိုအကျိုးအကြောင်းပြောပြခဲ့ပြီး လမ်းထိပ်အမြန်ထွက်ကာ Taxi နှင့်လာခဲ့ရသည်။ လှည်းတန်းမီးပွိုင့်မှာမီးနီမိနေတာကြာနေသောကြောင့် အတန်းချိန်နောက်ကျသွား၏။ 

တော်တော်အဆင်မပြေတဲ့နေ့တစ်နေ့ပါ။ မနက်အစောပိုင်းက ကျောင်းသွားခါနီးရေချိုးတော့ သုံးနေကျရေချိုးဆပ်ပြာကုန်နေပြန်သဖြင့် မမအခန်းထဲကဆပ်ပြာရည်နှင့်ချိုးခဲ့ရသည်။ ကျွန်တော်က Green Tea ဆပ်ပြာရည်ပဲသုံးနေကျဖြစ်၍ မမရဲ့ Revlon ဆပ်ပြာနံ့က မိန်းမဆန်ဆန်သင်းပျံ့လွန်းနေတာကိုစိတ်တိုင်းမကျ။

အောက်ထပ်ဆင်းလာပြီးမနက်စာစားပြန်တော့လည်း အမြဲတမ်းစားနေကျမုန့်ဟင်းခါးဆိုင်ကိုသေချာသွားဝယ်ခိုင်းပါလျက်နှင့် ဆိုင်လွဲဝယ်လာသောအိမ်ကကောင်မလေးကြောင့် စိတ်ကတိုချင်ချင်ဖြစ်နေပါတယ်ဆိုကာမှ တစ်နှစ်ပတ်လုံးနှာစေးချောင်းဆိုးတောင်မဖြစ်ခဲ့တဲ့ကားလေးက ကျောင်းလာခါနီးမှဘယ်လိုမှနှိုးမရတော့။ 

ဆေးကျောင်းစတက်ခါနီးအချိန်တွင် မေမေကကားလဲပေးမယ်လို့ပြောတာကိုတောင် အပိုငွေကုန်ပါတယ်ဆိုပြီးမလဲခဲ့ပါ။ ၉တန်းနှစ်ကတည်းကစီးခဲ့တဲ့ကားလေးဖြစ်သောကြောင့် သံယောဇဉ်ကတွယ်နေမိ၏။။ ခုလိုရုတ်တရက်ထဖောက်ပြီး အဆင်မပြေပြေးလွှားခဲ့ရ၍ စိတ်ထဲတယ်မကြည်နိုင်တော့ပါ။ သင်းကိုရောင်းပြီးအသစ်လဲစီးပစ်မယ်လို့ သင်းရှေ့မှာကျိန်းဝါးခဲ့သည်။

ဆုံစည်းခွင့်Where stories live. Discover now