Part 46

11.3K 1.3K 143
                                    

အနီးဆုံးအထူးကုဆေးရုံဆီဦးတည်မောင်းလာရပေမဲ့ စိတ်ကတော့မအေးချမ်းနိုင်ပါ။ မင်းထက်နိုင်ကအသက်ဘေးအတွက်စိတ်မပူရတော့ပေမဲ့ မင်္ဂလာပွဲအတွက်ပူပန်နေမိသည်။ သာလွန်နေ့ဆီလည်းဖုန်းမဆက်အားသေးပါ။ ခြေမကိုင်မိလက်မကိုင်မိ အရူးမီးဝိုင်းနေသလိုဖြစ်နေတဲ့ကိုကောင်းအစား လူနာရှင်လုပ်ကာဆေးရုံကိစ္စအဝဝကိုလုံးပမ်းနေ၏။

အရေးပေါ်အခြေအနေနှင့်စစ်ဆေးနေကြစဉ် ဆေးရုံတင်ရန်အတွက်လည်းစီစဉ်ရပြန်သလို လိုအပ်သောဆေးစစ်ခြင်းများအတွက်လည်းပြေးလွှားနေရသည်။ သွေးပေါင်လည်းကျပြီးအဖျားကလည်းကြီးနေသောကြောင့် ခုထိသတိရမလာသေးပါ။ ဒီကြားထဲဘာနှင့်ဆောင့်မိသွားတယ်မသိသောနဖူးကို ၃ ချက်ချုပ်လိုက်ရသေး၏။

အရေးပေါ်ခန်းရဲ့အပြင်ဘက်တွင်ထိုင်ရင်း စိတ်နှင့်လူမကပ်သလိုဖြစ်နေသောကိုကောင်းကိုလည်းနှစ်သိမ့်နေရသေးသည်။ ငွေလမ်းခင်းပြီးလာသောကြောင့် ချက်ချင်းဆိုသလိုဆေးသွင်းခြင်း၊ စစ်ဆေးခြင်းများအပြီးတွင် အထူးခန်းထဲကိုပြောင်းရွှေ့ပေးကြ၏။

အဖျားရှိန်၊ အမူးရှိန်နှင့်အိပ်မောကျနေသောမင်းထက်နိုင်ရဲ့ကုတင်ဘေးတွင် လက်တစ်ဖက်ကိုဆုပ်ကိုင်ကာငြိမ်သက်နေတဲ့ကိုကောင်း။ အခြေအနေစိတ်ချသွားမှ သာလွန်နေ့ဆီဖုန်းခေါ်လိုက်ရသည်။ ချက်ချင်းဆိုသလိုထူးသံကြားလိုက်ရပြီး...။

"သွေး၊ အဲဒီဘက်ကအခြေအနေဘယ်လိုလဲ"

"အထူးခန်းမှာတင်ထားလိုက်ရတယ်။ ခုထိသတိမရသေးဘူး၊ သွေးပေါင်ကထိုးကျနေတာတဲ့ ကံကောင်းလို့ဒုက္ခမရောက်တာ။ မင်းပြောသလိုနှလုံးခုန်သံကလည်းမကောင်းဘူးဆိုပြီး အီးစီဂျီတွေလည်းဆွဲနေကြတယ်။ နဖူးကွဲသွားလို့ ၃ ချက်ချုပ်လိုက်ရတယ်။ အခုဆေးသွင်းပေးထားပြီးနောက်တစ်နာရီလောက်မှသတိမလည်လာသေးရင် ခေါင်းကိုစီတီရိုက်ရမယ်တဲ့ ဒါပါပဲကွာ။ ကိုကောင်းကတော့စောင့်ကြည့်နေတယ်။ မင်းတို့ဘက်ကအခြေအနေကိုလည်းပြောပြပါဦး"

ကိုယ့်ဘက်ကအခြေအနေပြောပြပြီး ပြန်မေးရပြန်သည်။

"ဘယ်လိုနေရမှာလဲ ဝက်ဝက်ကိုကွဲလို့ပေါ့ကွာ။ မမကိုရှိုင်းတို့အဖွဲ့က ချက်ချင်းပြန်ခေါ်သွားကြတယ်။ အန်တီကမေမေတို့နဲ့အတူတူ ရောက်လာတဲ့ဧည့်သည်တွေကိုတောင်းပန်ပြီးပြန်လွှတ်ရတာပေါ့။ ဆိုးတာကဟိုဘက်က၊ ကိုကောင်းအမေကြီးမူးလဲပြီးသတိလစ်သွားလို့ဆေးရုံခေါ်သွားရတယ်။ အခြေအနေသိပ်မကောင်းဘူးလို့ကြားတယ်၊ ဖအေကြီးကတော့အန်တီ့ကိုခြေသလုံးဖက်မတတ်တောင်းပန်နေတာပေါ့ကွာ။ ခုမှငါလည်းအိမ်ပြန်လာနေတာလမ်းတင်ရှိသေးတယ်။ ရှိုင်းတို့အိမ်ကိုလိုက်သွားမလို့"

ဆုံစည်းခွင့်Dove le storie prendono vita. Scoprilo ora