Part 30

12K 1.4K 151
                                    

ပြန်လည်ဆုံစည်းခဲ့ခြင်းရဲ့နောက်တွင် ပျော်စရာကောင်းသောအချိန်လေးများနှင့်တစ်နေ့တာကိုကုန်လွန်ခဲ့၏။ နေ့လယ်စာကို သာလွန်နေတို့အိမ်မှာချက်ပြုတ်စားသောက်ကြပြီး ညနေခင်းအချိန်တွင် ဝယ်မယ်ရည်ရွယ်ထားသော Lap Top ဝယ်ရန်အတွက် ကျွန်တော်၊ သာလွန်နေနှင့်ရှိုင်းတို့သုံးဦးမှာ မြို့ထဲကိုထွက်လာခဲ့ကြသည်။ ဝယ်ယူခြင်းကိစ္စအပြီးတွင် ကြိုတင်စီစဉ်ထားသည့်အတိုင်း ရွှေဘဲစားသောက်ဆိုင်သို့ ဦးတည်လာခဲ့ကြ၏။

"မနက်ဖြန်ငါမအားဘူးသွေးရာ၊ မင်းနဲ့အေးအေးဆေးဆေးတောင်မတွေ့ရတော့ဘူး။ နောက်ဆို Weekend တွေမှပြန်လာ။ ကြားရက်ဆိုမအားတာများတယ်"

သူ့ဆရာကြီးနှင့်ပဲခူးကိုလိုက်သွားရမှာဖြစ်သောကြောင့် ကျွန်တော်နှင့်အေးအေးဆေးဆေးမနေလိုက်ရခြင်းကို သာလွန်နေကဗျစ်တောက်ဗျစ်တောက်လုပ်နေသည်။

"အေးပါကွာ။ နောက်ဆိုမင်းကိုမေးပြီးမှပြန်လာပါ့မယ်"

မစားရတာကြာပြီဖြစ်သောဘဲကင်စားချင်လာသောကြောင့် သွားစားရန်စတင်အဆိုပြုသူကကျွန်တော်။ စိတ်ကောက်မပြေချင်သေးတဲ့ကလေးကို ချော့တဲ့အနေနှင့်လိုက်ကျွေးတာလည်းပါတာပေါ့။ ဒါပေမယ့် ဒီညနေကလေးက ထူးဆန်းစွာအသံတိတ်နေတာကိုသတိပြုမိသည်။

အရင်လိုခင်ခင်မင်မင်ရှိနေစဲဆိုပေမဲ့ လေကြီးမိုးကြီးပြောထားခဲ့မိသောကျွန်တော့်မှာ သာလွန်နေ့ရှေ့တွင် နေရထိုင်ရကျပ်နေမိ၏။ သာလွန်နေကတော့ ထွေထွေထူးထူးမပြောပါ။ ကလေးရှေ့ဖြစ်သောကြောင့် အပြောအဆိုကိုသတိထားဆင်ခြင်နေကြခြင်းလည်းဖြစ်သည်။

"အစ်ကို ဖင်ဆီဗူးကျွန်တော့်ကိုပေး၊ ကျွန်တော်ကြိုက်လို့ပါ"

ဘဲကင်လာချတဲ့အခါ ရှိုင်းကသူစားချင်တာကိုလှမ်းဦး၏။ ရှိုင်းပန်ကန်ထဲလှမ်းထည့်ပေးလိုက်ရင်းမှကျီဆယ်လိုက်မိသည်။

"စကားကသိပ်မပြောတတ်ဘူးဆိုတော့...စားစား "

ကလေးက မျက်လုံးလေးစွေကြည့်လာရင်း ဘာမှပြန်မပြော။ မျက်နှာလေးကခုထိမကြည်သာသေး။ မျက်နှာလေးအရိပ်တကြည့်ကြည့်နှင့် ဂရုတစိုက်ရှိနေကိုသိနေလို့လည်း တမင်အနိုင်ယူနေသလိုမျိုးပြုမူနေတာထင်ပါရဲ့။

ဆုံစည်းခွင့်Where stories live. Discover now