Part 28

9.5K 1.3K 28
                                    

နေပြည်တော်၏ညနေစောင်းအချိန်ကနေရောင်အနည်းငယ်ကျဆင်းသွားသည့်တိုင် အပူဓာတ်ကမလျော့ပါးသေး။ Duty ထွက်လာချိန် ဟိုတယ်ကနေဝန်ထမ်းအိမ်ယာဝန်းလေးအထိခြေလှမ်းသွက်သွက်နှင့်လျှောက်လှမ်းလာရင်း ကျောပြင်တစ်လျှောက်ချွေးများကစီးဆင်းလာသည်။

"နေ"နှင့်ကျွန်တော်တိုင်ပင်ထားသည့်အတိုင်း သင်တန်းပြီးပြီးချင်းမှာပဲအလုပ်ဝင်ခဲ့လိုက်၏။ ရန်ကုန်မှာရှိစဉ်အချိန်တုန်းက ထူးပြီးရှောင်စရာမလိုခဲ့ခြင်းကကလေးတို့ရဲ့ပထမနှစ်နှစ်လည်စာမေးပွဲအချိန်တွေနီးကပ်လာခြင်းကြောင့်လည်းပါသည်။ 

စာမေးပွဲအပြီးသင်္ကြန်ကျချိန်တွင် ကလေးတို့မိသားစုနှင့်သာလွန်နေတို့မိသားစုမှာ ဘန်ကောက်သို့တစ်ပတ်ခန့်ခရီးထွက်သွားကြပြီး ကျွန်တော်ကတော့မရောက်သည်မှာ ၃ နှစ်ခန့်ရှိနေပြီဖြစ်သော ဇာတိရွာကိုပြန်ခဲ့၏။

ရည်ရွယ်ထားသည့်အတိုင်း မိဘများကိုရည်စူး၍ရွာဦးကျောင်းဆွမ်းစားဆောင်ဆောက်လုပ်ခြင်းအတွက် ဝတ္ထုငွေအချို့ပါဝင်လှူဒါန်းခဲ့ပြီးဒုလ္လဘ ၉ ရက်ဝတ်​ခြင်း​ဖြင့် ကုသိုလ်ယူကာပြန်လာခဲ့သည်။ ဦးလေးဖြစ်သူကိုလည်း တွေ့ဆုံခိုက်သွားတွေ့ခဲ့ပြီးကန်တော့၍နှုတ်ဆက်ခဲ၏။

ရန်ကုန်ပြန်ရောက်တော့ အညာပြန်လက်ဆောင်တွေနှင့်သာလွန်နေတို့အိမ်ကိုရောက်ခဲ့သေးသည်။ ကလေးတို့အိမ်အတွက်ပါ လက်ဆောင်တွေပါခဲ့လာပေမဲ့ "နေ"ကတဆင့်သာပေးခိုင်းလိုက်၏။ ကလေးဆီကတစ်ခါတစ်ရံ ဖုန်းတွေဝင်လာတတ်ပေမဲ့အလုပ်မအားသလိုဟန်ပြုရင်း စကားစဖြတ်ချလိုက်ရတာရင်ထဲမကောင်းနိုင်ပါ။ 

မလိမ်ညာတတ်သောကျွန်တော်က မလိမ်ညာချင်ဆုံးလူအပေါ်ကိုမှ မုသားစကားတွေတွင်တွင်သုံးပြီးရှောင်ပုန်းနေရတဲ့အဖြစ်ကို တကယ်ပဲမုန်းတီးလာမိသည်။

ကျွန်တော့်ဘက်ကပျက်ကွက်မှုတွေကိုသတိထားလို့လားမသိ၊ နောက်ပိုင်းကလေးဘက်ကလည်းဆက်သွယ်လာခြင်းများကျဲပါးသွားကာ နောက်ဆုံးတွင်အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတော့သည်။ သင်တန်းပြီးဆုံးချိန်တွင်တိုက်တိုက်ဆိုင်ဆိုင်ခေါ်ဆိုလာသောနေပြည်တော်ကအလုပ်ခေါ်စာတွေထဲကမှ ဆိုင်ရာဌာနကိုလျှောက်ခဲ့လိုက်၏။

ဆုံစည်းခွင့်Where stories live. Discover now