Part 25

10.8K 1.3K 25
                                    

ဘုန်းကြီးကျောင်းဝန်းထဲမှထွက်လာကာ လမ်းထိပ်ပလက်ဖောင်းတွင်ရပ်နေလိုက်သည်။ သိပ်မကြာခင် လမ်းတစ်ဖက်ခြမ်း၌ကားကိုရပ်လိုက်ပြီး ကားမှန်လေးချကာရှိုင်းကလက်ယက်ခေါ်လာ၏။ ခေါကျွန်တော့်ဆီလာခဲ့ရန်လှမ်းခေါ်လိုက်တော့ ကားပေါ်ကဆင်းလာပြီးလမ်းကူးလာပုံလေးကဖျတ်ဖျတ်လတ်လတ်။

အနားရောက်လာတဲ့ရှိုင်းက ဂျင်းပန်အနက်ရောင်စိုစိုလေးကို အပြာနုရောင်တီရှပ်တစ်ထည်နှင့်ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားသည်။ Sneker အပြာနုရောင်လေးစီးထားပြီး လယ်သာပိုက်ဆံအိတ်လေးကိုခါးကြားတွင်ထိုးထား၏။ အနားရောက်လာချိန် ကျွန်တော်ကိုသေချာကြည့်ပြီးမှ...။

"Wow.. Opposite ပါလား"

ကျွန်တော်ကအနက်ရောင်တီရှပ်ကို ဂျင်း Sky blue ရောင်နှင့်တွဲဝတ်ထား၏။ တီရှပ်ရင်ဘတ်နားကစတေကာပုံတွေကွဲနေလို့သာတော်သေးသည်။ မဟုတ်လျှင် Couple ဝတ်ထားသလိုဖြစ်နေတော့မှာပဲ။

စကာကြီးမုန့်ဟင်းခါးဆိုင်ထဲကို ဝင်လာခဲ့ကြ၏။ ကျွန်တော်ကမုန့်ဟင်းခါးကိုညှပ်ရောပြီး ဘူးသီးကြော်နှင့်သာမှာလိုက်ပေမဲ့ ကလေးကတော့အုန်းနို့ခေါက်ဆွဲကို ပဲသွေး၊ ငါးဖယ်၊ အိုးဘဲဥ၊ ဘူးသီးကြော် နှင့်မှာသည်။ 

နှပ်ကော်ဖီ ၂ ခွက်ကိုပါထပ်တိုးမှာကြားနေစဉ် ချပေးလာတဲ့ကလေးပန်းကန်ကမို့မောက်နေတာမြင်လိုက်မိမှ ကုန်နိုင်ပါ့မလားအတွေးနှင့်ကြည့်လိုက်မိတော့ သွားလေးစိကာရယ်ပြ၏။

"ကုန်ပါတယ်အစ်ကိုရဲ့၊ ကျွန်တော်စားနေကျပါ"

ကျွန်တော့်အကြည့်ကိုသိနေသလိုပြုံးစေ့စေ့လေးနှင့်ဖြေသည်။ တိတ်ဆိတ်စွာစားသောက်နေရင်းကျွန်တော်ကအလျှင်ကုန်သွားသဖြင့် ကော်ဖီသောက်နေရင်းကလေးစားနေတာကို ထိုင်ကြည့်နေမိ၏။ အစားကိုဖြေးဖြေးနှင့်သေသေသပ်သပ်လေးစားသည်။ ပါးလေးတလှုပ်လှုပ်နှင့်အတော်လည်းစားနိုင်သူ။ စားသလောက်ဝမနေလို့သာတော်ပါတော့သည်။

စားပြီးတာနှင့်ကော်ဖီခွက်ကိုတန်းဆွဲပြီးသောက်၏။ ကလေးစားပြီးသည်နှင့်ငွေရှင်းကာကားဆီပြန်လျှောက်လာခဲ့ကြသည်။ ကားသော့ကိုလှမ်းပေးနေပြန်တော့ မောင်းသူနေရာဝင်ထိုင်လိုက်ရ၏။

ဆုံစည်းခွင့်Where stories live. Discover now